ဒိန်းမတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဂရင်းလန်းကျွန်းကို ရယူရန် အနုနည်းဖြင့်မရလျှင် အကြမ်းနည်းသုံးမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ဂရင်းလန်းကို အမေရိကန်က ရယူရေးအတွက် ဂရင်းလန်းကျွန်းအာဏာပိုင်များက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အဆိုပါကျွန်းကို ရယူသွားမည်ဟု ထရန့်က ပြောကြားခဲ့ပြီး ထိုကျွန်းသည် အာတိတ်ဒေသတွင် မဟာဗျူဟာမြောက်အရေးကြီးသည့် ကျွန်းဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
ဂရင်းလန်းကျွန်းကို ရုရှား သို့မဟုတ် တရုတ်တို့က ကျူးကျော်ဝင်ရောက်လာမည့်အရေးကို တားဆီးရန်အတွက် အမေရိကန်အနေဖြင့် ထိုကျွန်းကို ရယူရန် လိုအပ်ကြောင်း ထရန့်က ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ဒိန်းမတ်အာဏာပိုင်များသည် ဂရင်းလန်းကျွန်းတစ်ဝိုက်ရှိ ရေပြင်များ၏လုံခြုံရေးကို လုံလောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ထရန့်က စွပ်စွဲခဲ့သော်လည်း ထိုစွပ်စွဲချက်ကို ဂရင်းလန်းဒေသခံ နိုင်ငံရေးသမားများက ပယ်ချခဲ့ကြသည်။
“ဂရင်းလန်းနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ ကျွန်တော်တို့ လုပ်သွားမှာပါ။ သူတို့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့သာ ဒါကို မလုပ်ရင် ရုရှား ဒါမှမဟုတ် တရုတ်က ဂရင်းလန်းကို သိမ်းပိုက်သွားမှာဖြစ်ပြီး ကျွန်တော်တို့ကတော့ ရုရှား ဒါမှမဟုတ် တရုတ်ကို အိမ်နီးချင်းအဖြစ် အဖြစ်မခံနိုင်ပါဘူး။ ကျွန်တော်တို့က ဂရင်းလန်းကို ရုရှား ဒါမှမဟုတ် တရုတ် လက်ထဲ အရောက်မခံနိုင်ပါဘူး။ အကယ်၍ ကျွန်တော်တို့သာ ဂရင်းလန်းကို မရယူနိုင်ရင် ခင်ဗျားတို့ရဲ့ အိမ်ဘေးနားမှာ ရုရှား ဒါမှမဟုတ် တရုတ်က အိမ်နီးချင်းအဖြစ် ရှိနေမှာပါ။ ဒါမျိုးတော့ အဖြစ်မခံနိုင်ဘူး။ ကျွန်တော်ကတော့ လွယ်လွယ်ကူကူနဲ့ သဘောတူညီချက် ရချင်တာပေါ့။ ဒါပေမဲ့ အလွယ်တကူ လုပ်လို့မရရင်တော့ အကြမ်းနည်းနဲ့ လုပ်သွားမှာပါ” ဟု ထရန့်က အိမ်ဖြူတော်တွင် ရေနံကုမ္ပဏီ အကြီးအကဲများနှင့် တွေ့ဆုံသည့် အစည်းအဝေးအတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
Ref: Al Jazeera









