အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားကို တိုက်ခိုက်ပြီး သမ္မတ မာဒူရိုကို ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်အကြာတွင် ဒေါ်နယ်ထရန့်က နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် ဂရင်းလန်းကျွန်းကို လိုအပ်သည်ဟု ထပ်မံပြောဆိုခဲ့ရာ ဒိန်းမတ်ဝန်ကြီးချုပ်ကလည်း အမေရိကန်တွင် ယင်းသို့သိမ်းပိုက်ခွင့်မရှိဟု သတိပေးလိုက်သည်။
ဇန်နဝါရီ ၄ ရက်က The Atlantic မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထရန့်က “ကျွန်တော်တို့ ဂရင်းလန်းကို တစ်ကယ်လိုအပ်တာပါ။ ကာကွယ်ရေးအတွက်ပါ။ အဲဒီကျွန်းဟာ ရုရှားနဲ့ တရုတ်သင်္ဘောတွေ ဝိုင်းရံထားတာကို ခံနေရတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် Air Force One လေယာဉ်ပေါ်တွင် ထရန့်က နိုင်ငံလုံခြုံရေးရှုထောင့်မှကြည့်လျှင် အမေရိကန်က ဂရင်းလန်းကို လိုအပ်ပြီး ဒိန်းမတ်နိုင်ငံက ကာကွယ်ရေးအတွက် စွမ်းဆောင်နိုင်မည်မဟုတ်ဟု သတင်းထောက်များကို ပြောခဲ့သည်။
ထရန့်၏ မှတ်ချက်ထွက်လာပြီးနောက် ဒိန်းမတ်ဝန်ကြီးချုပ် မက်တာ ဖရက်ဒရစ်ဆင်က “အမေရိကန်က ဂရင်းလန်းကို လွှဲယူဖို့ပြောတယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။ ဒိန်းမတ်ဘုရင့်နိုင်ငံတော်အတွင်းက ဘယ်နယ်မြေကိုမဆို သိမ်းပိုက်ဖို့အခွင့်အရေး အမေရိကန်မှာမရှိဘူး” ဟု ထုတ်ပြန်ခဲ့သည်။ ဒိန်းမတ်ဘုရင့်နိုင်ငံတော်တွင် ဒိန်းမတ်၊ ဖာရိုးကျွန်းနှင့် ဂရင်းလန်းကျွန်းဟူ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေသုံးခု ပါဝင်သည်။
ဆက်ပြီး ဒိန်းမတ်ဝန်ကြီးချုပ်က သမိုင်းတစ်လျှောက် နီးကပ်ခဲ့သည့် မဟာမိတ်နိုင်ငံအပေါ် ခြိမ်းခြောက်နေမှုများကို ရပ်တန့်ရန် အမေရိကန်ကို တိုက်တွန်းခဲ့သည်။
ဂရင်းလန်းဝန်ကြီးချုပ် ယန်စ် ဖရက်ဒရစ် နီယယ်ဆင်ကလည်း “အမေရိကန်သမ္မတက ဂရင်းလန်းကို လိုအပ်တယ်လို့ဆိုပြီး ကျွန်တော်တို့ကို ဗင်နီဇွဲလားစစ်ရေးကျူးကျော်မှုနဲ့ ဆက်စပ်ပြတာဟာ မှားနေရုံတင်မကဘူး ၊ ရိုင်းပျရာလည်းကျတယ်” ဟု ရှုတ်ချထားသည်။
ဗင်နီဇွဲလားစစ်ဆင်ရေးကြောင့် ထရန့်၏ ဂရင်းလန်းစီမံကိန်းအပေါ် အာရုံစိုက်မှုများ ပြန်လည်မြင့်တက်လာသည်။ မကြာသေးမီကလည်း အိမ်ဖြူတော်အကြီးတန်းအရာရှိ စတီဖင်မစ်လာ၏ ဇနီးက ဂရင်းလန်းမြေပုံပေါ်၌ အမေရိကန်အလံအရောင် ခြယ်သထားပုံကို X တွင်တင်ခဲ့သည်။ ထိုပုံတွင် “မကြာမီ” ဆိုသည့်စာသားကို စာလုံးအကြီးဖြင့် ရေးသားထားသည်။
အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးကတည်းက ထရန့်သည် သယံဇာတပေါကြွယ်ဝရာ အာတိတ်ဒေသ ဂရင်းလန်းကျွန်းကို လုံခြုံရေးအကြောင်းပြချက်ဖြင့် အမေရိကန်က လိုအပ်သည်ဟု ထပ်တလဲလဲ ပြောဆိုခဲ့သည်။
ထရန့် ခန့်အပ်ထားသည့် ဂရင်းလန်းဆိုင်ရာအထူးသံတမန်က ဂရင်းလန်းကို အမေရိကန်အစိတ်အပိုင်းဖြစ်အောင် လုပ်မည်ဟု ပြောဆိုခဲ့မှုကြောင့် ဒိန်းမတ်အစိုးရက ဒေါသထွက်ကာ အမေရိကန်သံအမတ်ကို ဆင့်ခေါ်မှု ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ဖြစ်လိုက်သေးသည်။
ဂရင်းလန်းကျွန်းသည် အာတိတ်သမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကြားတွင် တည်ရှိသည့် ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်ပြီး ဒိန်းမတ်၏ အုပ်ချုပ်မှုအောက်ရှိလာသည်မှာ နှစ်ပေါင်း ၃၀၀ ခန့်ရှိပြီဖြစ်သည်။
ပြည်တွင်းကိစ္စရပ်များကို ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရှိသော်လည်း နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဒိန်းမတ်က ချုပ်ကိုင်ထားသည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီးနောက်ပိုင်း ကျွန်းပေါ်တွင် အမေရိကန်က စစ်စခန်းတစ်ခု တည်ဆောက်ထားသည်။
ဂရင်းလန်းကျွန်း၏ ၈၀ ရာခိုင်နှုန်းနီးပါးက ရေခဲများဖုံးနေကာ ငါးဖမ်းသည့်အလုပ်ကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြသည်။
Ref: DW
Photos: Reuters









