အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၃-၀၄ ရာသီတုန်းက ပွဲ(၂၀)ကစားပြီးချိန် ရရှိခဲ့တဲ့ ရမှတ်ထက် ဒီရာသီ ပွဲ(၂၀)ကစားပြီးချိန် ရရှိတဲ့ရမှတ်က ပိုများနေကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးလက်ထက် ၂၀၀၃-၀၄ ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှုံးပွဲမရှိရယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ တခြားဘယ်အသင်းမှ အဲဒီလို စွမ်းဆောင်နိုင်ခြင်းမရှိသေးပါဘူး။
၂၀၀၃-၀၄ ရာသီိမှာ အာဆင်နယ်အသင်းဟာ (၂၆)ပွဲနိုင်၊ (၁၂)ပွဲသရေကျခဲ့ပြီး ရမှတ်(၉၀)နဲ့ ချန်ပီယံဖြစ်ခဲ့တာကြောင့် အသင်းရဲ့သမိုင်းတစ်လျှောက် အမှတ်အများဆုံးရရှိတဲ့ရာသီလည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီရာသီ ပွဲ(၂၀)ကစားပြီးချိန်မှာ (၄၆)မှတ်သာရယူနိုင်ခဲ့ပြီး ဒီရာသီမှာတော့ (၄၈)မှတ် ရယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ဒုတိယနေရာက မန်စီးတီးနဲ့ တတိယနေရာက အက်စတွန်ဗီလာအသင်းတို့ကို (၆)မှတ်စီဖြတ်ထားတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိဖို့လည်း ပိုပြီးရေပန်းစားလာပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အလေးပေးမှုမှာ အာဆင်နယ်က (၄း၁၁)လေး၊ မန်စီးတီးက (၁၆း၅)လေး၊ အက်စတွန်ဗီလာက (၄ဝး၁)လေး သတ်မှတ်ခံထားရကြောင်း သိရပါတယ်။















