■ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)တွင် လူငယ်လေးဦးအား အဓမ္မခိုင်းစေခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

■ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)တွင် လူငယ်လေးဦးအား အဓမ္မခိုင်းစေခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်
Published 2 January 2026

အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)တွင် လူငယ်လေးဦးအား အဓမ္မခိုင်းစေခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကူမဲမြို့နေ ဒေါ်ဇာဇာစန်းနှင့် ခင်ပွန်းဖြစ်သူ ခင်မောင်လွင်တို့က မြစ်သားမြို့နယ်နေ လူငယ်လေးဦးတို့ကို ၎င်း၏သားဖြစ်သူ လွင်မင်းထက်မှာ ကမ္ဘောဒီးယား Online Slot Game လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေပြီး Slot Game လုပ်ငန်း ပိုင်ရှင်နှင့် ရင်းနှီးကြောင်း၊ တစ်လလျှင်လစာငွေကျပ်သိန်း၄၀ ရရှိမည်ဖြစ်ကြောင်း၊ လမ်းစရိတ်အကုန်အကျခံ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း စည်းရုံးပြောဆိုပြီး မန္တလေးလေဆိပ်မှတစ်ဆင့် တာချီလိတ်မြို့၊ တာချီလိတ်မြို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ Slot Game အလုပ်ရုံသို့ အဆင့်ဆင့်ပို့ဆောင်ခဲ့ကြောင်း၊ လူငယ်လေးဦးအနက်တစ်ဦးမှာ ကွန်ပျူတာစာစီစာရိုက်မရသဖြင့် ခေါင်းဆောင်ဖြစ်သူစွမ်းလင်းထက်မှ လမ်းစရိတ်ကုန်ကျငွေ ဒေါ်လာ ၁၉၀၀ ကိုဖုန်းအမှတ် ၀၉-၇၆၇၇၀၄၄၁၀၊ Paing Thet Kyaw အမည်ဖြင့် ဖွင့်လှစ်ထားသည့် KBZ Pay Account သို့ ပေးလျော်ရန်၊ မပေးလျော်နိုင်ပါက ရောင်းစား မည်ဖြစ်ကြောင်းနှင့် ထွက်ပြေးပါက အစောင့်များက ကျင်စက်ဖြင့်တို့ပြီး ရိုက်နှက်နှိပ်စက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ကျန်လူငယ်သုံးဦးမှာ တစ်နေကုန်နားချိန်မရှိဘဲ အွန်လိုင်းမှငွေလိမ်သည့် အလုပ်များအား လုပ်ကိုင်ရကြောင်း၊ လိမ်လည်ရန်လူရှာမရပါက အကြိမ် ၂၀၀ ခန့် ဒိုက်ထိုးခိုင်းကြောင်း၊ ကွန်ပျူတာ စာစီစာရိုက်မရသည့် လူငယ်၏ အဖေမှ လျော်ကြေးငွေအဖြစ် မြန်မာငွေကျပ် ၁၀၅ သိန်းအား Paing Thet Kyaw Acc သို့ KBZ Pay ဖြင့် လွှဲပေးခဲ့ရာ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း စိစစ်သိရှိရသည်ဟု ပါရှိသည်။

ထို့နောက် အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ တရားလို ပြုလုပ်တိုင်တန်းခဲ့ရာ မြစ်သားမြို့နယ်ကူမဲနယ်မြေရဲစခန်း (ပ)၅၁/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(ခ)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ကြောင်း သိရသည်။

ထိုသို့တရားစွဲဆိုပြီးနောက် ဒီဇင်ဘာ ၃၀ ရက်တွင် ကျောက်ဆည် ခရိုင် တရားရုံးမှ ဖမ်းမိတရားခံဒေါ်ဇာဇာစန်းနှင့် ဦးခင်မောင်လွင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့်ထောင်ဒဏ် တစ်ဆယ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ စွမ်းလင်းထက်၊ ပိုင်သက်ကျော်နှင့် လွင်မင်းထက်တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဖြတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent