ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) ၏ ဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာသည် ဒီဇင်ဘာ ၃၀ ရက် နံနက်အစောပိုင်းက မြို့တော်ဒါကာမြို့ရှိ Evercare ဆေးရုံတွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားပြီဖြစ်ကြောင်း BNP ပါတီ၏ တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ခါလီဒါသည် နှလုံးနှင့် အဆုတ်တွင် ပိုးဝင်ခြင်းကြောင့် နိုဝင်ဘာ ၂၃ ရက်တွင် ဆရာဝန်များ၏ အကြံပေးချက်ဖြင့် ဆေးရုံတက်ရောက်ခဲ့ခြင်းဖြစ်ပြီး အဆုတ်ရောင်ရောဂါလည်း ခံစားနေရသည်။
အသက် ၈၀ အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်း ခါလီဒါသည် နှလုံး၊ အသည်း၊ ကျောက်ကပ်၊ ဆီးချို၊ အဆုတ်၊ အဆစ်အမြစ်ရောင်ရောဂါနှင့် မျက်စိရောဂါ အပါအဝင် ကျန်းမာရေးပြဿနာများစွာကို ကာလရှည်ကြာခံစားခဲ့ရကာ နှလုံးထဲတွင် စက်ထည့်ထားပြီး နှလုံးသွေးကြောချဲ့မှုလည်း ပြုလုပ်ခဲ့ဖူးသည်။
လန်ဒန်တွင် ဆေးကုသမှုခံယူပြီးနောက် မေ ၆ ရက်တွင် နိုင်ငံသို့ ပြန်ရောက်လာပြီးကတည်းက ၎င်းသည် Evercare ဆေးရုံတွင် ပုံမှန်ဆေးစစ်မှုများ ခံယူခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ခါလီဒါဇီယာသည် ၁၉၉၁ ခုနှစ်တွင် ဒီမိုကရေစီခရီးစဉ်နှင့်အတူ ခိုင်မာသည့် နိုင်ငံရေးအမွေအနှစ်များကို ချန်ရစ်ခဲ့သည်။ ၁၉၉၁ အထွေထွေရွေးကောက်ပွဲတွင် လူထုဆန္ဒမဲဖြင့် အာဏာရရှိလာသူ ခါခီဒါသည် ပါလီမန်အစိုးရစနစ်နှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကြီးကြပ်ရန် ကြားဖြတ်အစိုးရစနစ်တို့ကို စတင်မိတ်ဆက်ပေးခဲ့သူဖြစ်သည်။
၂၀၁၈ ခုနှစ်မှစတင်ကာ ၎င်းထောင်ကျခဲ့ပြီးနောက် ၎င်း၏ပါတီနှင့် မိသားစုဝင်များက နိုင်ငံရပ်ခြားတွင် ဆေးကုသခွင့်ပေးရန် (ထိုစဉ်က) အာဝါမီလိဂ်အစိုးရထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
ခါလီဒါတွင် သားဖြစ်သူ တားရစ်ရာမန်၊ ချွေးမနှင့် မြေးမလေးတို့ ကျန်ခဲ့ပြီး တားရစ်ရာမန်က ၁၇ နှစ်ကြာ ပြည်ပတွင် တိမ်းရှောင်နေထိုင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်ရောက်နေပြီဖြစ်သည်။ ခါလီဒါ၏ အငယ်ဆုံးသား အာရာဖတ်ရာမန်ကိုကိုသည် လွန်ခဲ့သည့်နှစ်အနည်းငယ်က မလေးရှားနိုင်ငံတွင် ကွယ်လွန်ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်းသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် အဂတိလိုက်စားမှုဖြင့် ထောင်ချခံခဲ့ရသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်တွင် အခြေအနေအချို့ဖြင့် ယာယီပြန်လွတ်လာပြီးနောက်ပိုင်း ခါလီဒါသည် အကြိမ်ကြိမ်ဆေးရုံတက်ခဲ့ရသည်။
၁၉၉၁ ခုနှစ် မတ် ၂၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် ခါလီဒါ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် တတိယအကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာထပ်မံကျိန်ဆိုခဲ့သည်။
၂၀၀၇ ခုနှစ်တွင် စစ်တပ်ကျောထောက်နောက်ခံပြု ကြားဖြတ်အစိုးရတက်လာချိန် အာဝါမီလိဂ်ပါတီဥက္ကဋ္ဌ ရှိတ်ဟာဆီနာ အပါအဝင် အခြားသော နိုင်ငံရေးခေါင်းဆောင်များနှင့်အတူ ခါလီဒါလည်း ထောင်ချခံခဲ့ရသည်။
Zia Orphanage Trust အဂတိလိုက်စားမှုတွင် ဒါကာအထူးတရားရုံးက ခါလီဒါကို ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် အကျဉ်းချခံခဲ့ရသည်။ ထိုနှစ် အောက်တိုဘာ ၃၀ ရက်တွင် တရားရုံးချုပ်က ၎င်း၏ထောင်ဒဏ်ကို နှစ်ဆတိုးလိုက်သည်။
သို့သော် သမ္မတမိုဟာမက်ရှာဟာဘူဒင်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၉ အရ သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် ဝန်ကြီးချုပ်ဟောင်းကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးလိုက်သည့်အတွက် ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်တွင် ခါလီဒါ လုံးဝလွတ်မြောက်လာခဲ့သည်။
Ref: The Daily Star
Photos: AP









