ရွေးကောက်ပွဲတွင် သတင်းရယူရန် လျှောက်ထားသည့် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြောကြားသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် သတင်းရယူရန်ခွင့်ပြုထားတဲ့ နိုင်ငံခြားသတင်းဌာနအရေအတွက်နှင့် လူပုဂ္ဂိုလ် အရေအတွက်ကို သိရှိလိုကြောင်း သတင်းဌာနတစ်ခု၏ မေးမြန်းမှုအပေါ် UEC က အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အပိုင်း(၃)ပိုင်းလုံးတွင် သတင်းရယူရန် နိုင်ငံတကာ သတင်းမီဒီယာများသည် ဒီဇင်ဘာ ၁၂ ရက်အထိ နောက်ဆုံးထား၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားခဲ့ကြကြောင်းနှင့် ရွေးကောက်ပွဲတွင် သတင်းရယူရန် ဒီဇင်ဘာ ၁၂ ရက်အထိ လျှောက်ထားခဲ့သည့် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦး ရှိပါကြောင်း UEC က ဖြေကြားသည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌လည်းကောင်း၊ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ ၌ လည်းကောင်း၊ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၃ မြို့နယ်တွင်လည်းကောင်း ရွေးကောက်ပွဲများကျင်းပမည်ဖြစ်သည်။
ဒီဇင်ဘာ ၂၅ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူ့ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွင် အမေရိကန်သတင်းဌာနတစ်ခုဖြစ်သည့် The News York Time သတင်းဌာန၊ သြစတြေးလျ သတင်းဌာန တစ်ခုဖြစ်သည့် ABC TV နှင့် အခြားနိုင်ငံခြားသတင်းဌာန တစ်ခုတို့ လာရောက် သတင်းရယူသည်ကို တွေ့ရသည်။
ထို့အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ရွေးကောက်ပွဲယှဥ်ပြိုင်မည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းဆုသဇင်အောင် (ခ) V V Chen ကို The New York Time သတင်းဌာနက တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ကြောင်း ၎င်း၏ ဖေ့ဘွတ်လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။















