မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပြည်သူ့ပါတီတိုင်းရုံးအနီး ဗုံးဖောက်ခွဲမှုတွင် ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန် 

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပြည်သူ့ပါတီတိုင်းရုံးအနီး ဗုံးဖောက်ခွဲမှုတွင် ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန် 
Published 25 December 2025

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပြည်သူ့ပါတီတိုင်းရုံးအနီး ဗုံးထောင်ဖောက်ခွဲမှု ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။ 

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး(အနောက်)ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ တိုက်အမှတ် ၈၄ နှင့် ၈၆ ကြားတွင် လက်လုပ်မိုင်းအား အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လမ်းဘေး၌ ရပ်တန့်ထားသော YGN-18 1E/.... NISSAN TIIDA LATIO မော်တော်ယာဉ်တွင် ဝဲ/ယာဘက်မှန်တံခါး ၄ ချပ်နှင့် ယာဘက်ခြမ်းတံခါးများတွင် မိုင်းပေါက်ကွဲစများထိမှန်ခဲ့ရာ တန်ဖိုး ကျပ် ၁၈ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

အဆိုပါဖြစ်စဉ်မှ ဖောက်ခွဲဖျက်ဆီးသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက စဉ်ဆက်မပြတ်စုံစမ်းဖော်ထုတ်ခဲ့ရာ သတင်း​​ပေးမှုများအရ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၅)ရပ်ကွက်၊ စွယ်တော်လမ်း၊ အမှတ်(၁၉၈)နေ ကြည်ကြည်ရွှေ (၃၇)နှင့် အခင်းဖြစ်ရပ်သို့ လိုက်ပါလာသည့် ၎င်း၏သားဖြစ်သူ မောင်လင်းလတ်ဟိန်းတို့နှစ်ဦးအား ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ဗုံးဖောက်ခွဲရန်ခိုင်းစေသူ ကိုလင်း(ဖမ်းဆီးရန်ကျန်)မှ Kpay Account ဖြင့် ပေးအပ်သည့်ငွေ ၃၅၀,၀၀၀ ကျပ်မှ သုံးစွဲပြီး ကျန်ငွေ ၂၄၅,၀၀၀ ၊ ဖုန်းအမှတ် ၀၉-၇၅၁၁၄၂၈၄၁ နှင့် ၀၉-၆၉၄၂၂၅၄၄၀ နံပါတ်ပါ itel P65 အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ပြစ်မှုကျူးလွန်စဉ်က ကြည်ကြည်ရွှေ ဝတ်ဆင်ခဲ့သည့် ရှပ်အကျႌလက်ရှည် ၁ ထည်၊ အနက်ရောင် လက်တိုတီရှပ်အကျႌ ၁ ထည်၊ CONVERSE စာတမ်းပါ ခဲရောင်ဘောင်းဘီအရှည် ၁ ထည်၊ XAVIER DANAUD စာတမ်းပါ အနက်ရောင် အမျိုးသမီးကိုင်ဘေးလွယ်အိတ် ၁ လုံး၊ ပန်းရောင်ကွင်းထိုးဖိနပ် ၁ ရံ၊ ပြစ်မှုကျူးလွန်စဉ်က မောင်လင်းလတ်ဟိန်း ဝတ်ဆင်ခဲ့သည့် တီရှပ်အကျႌလက်တို ၁ ထည်၊ ဂျင်းဘောင်းဘီအရှည် ၁ ထည်၊ ကွင်းထိုးအပြာရောင်ဖိနပ် ၁ ရံ တို့နှင့်အတူ ၎င်းတို့၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၉၄၃/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရမိသူများကို စစ်ဆေးဖော်ထုတ်ချက်အရ ကြည်ကြည်ရွှေသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၄အမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ်(၂၀)ကျခံနေသည့် ဒုတိယခင်ပွန်းဖြစ်သူ ဇော်လင်း(ခ)ဇော်ကြီးအား ထောင်ဝင်စာသွားရောက်တွေ့ ဆုံစဉ် ဇော်လင်း(ခ)ဇော်ကြီး၏ ဆက်သွယ် ပေးမှုအရ ကိုလင်း(ဖမ်းဆီးရန်ကျန်)ထံ Telegram မှတဆင့် ဆက်သွယ်ခဲ့ရာ ကိုလင်း(ဖမ်းဆီးရန်ကျန်) ၏ခိုင်းစေချက်အရ မင်္ဂလာဒုံမြို့ နယ်၊ ထောက်ကြန့်လမ်းဆုံသို့သွားရောက်ကာ 

မနွေ(ဖမ်းဆီးရန်ကျန်) ထံမှ လက်လုပ်ဗုံးပါအထုပ်(၁)ထုပ်အား ယူဆောင်ခဲ့ကြောင်း၊ အဆိုပါ လက်လုပ်ဗုံးအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး(အနောက်)ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ တိုက်အမှတ်(၈၄) နှင့် (၈၆) တိုက်(၂)နှစ်လုံးကြားတွင် ချထားခဲ့ပြီး ကိုလင်း(ဖမ်းဆီးရန်ကျန်)ထံ Telegram မှတစ်ဆင့် ဆက်သွယ်ပြီးနောက် ဗုံးမှာ ပေါက်ကွဲသွားခဲ့ကြောင်း၊ ထို့နောက် Kpay Account ဖြင့် ၎င်းထံသို့ ငွေကျပ် (၃၅၀,၀၀၀)အား (၃)ကြိမ်ခွဲ၍ လွှဲပို့ပေးခဲ့ကြောင်းစစ်ဆေးသိရှိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် ပူးပေါင်းပါဝင်သူ ဖမ်းဆီးရန်ကျန် တရားခံများအား ဖမ်းဆီးရမိရေးနှင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုအရ  သိရသည်။

Most Read

Most Recent