■ ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

■ ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား
Published 22 December 2025

ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုမှာ ရန်ကုန်တိုင်းပြည်သူ့ပါတီရုံးခန်း အဆင်းအတက်လှေကားဘေးရှိ တိုက်နှစ်လုံးကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ပါတီအောင်နိုင်ရေးဆိုင်းဘုတ်နှင့် ရပ်ထားသည့် မော်တော်ယာဉ်တစ်စီး မှန်များကွဲခဲ့ပြီး ကားဘော်ဒီတွင် ဗုံးစများထိမှန်ပျက်စီးခဲ့သည်ဟု ပြည်သူ့ပါတီဝင် အလုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပါတီဗဟိုကော်မတီဝင် ဦးရဲကျော်စွာက ပြောကြားသည်။

“ဗုံးက အသံဗုံးမဟုတ်ဘူး။ ပြင်းတယ်။ ကားမှန်လေးချပ်လုံး ကွဲသွားတယ်။ ဘော်ဒီမှာလည်း အစတွေ မှန်ကုန်တယ်။ ဖြတ်သွားဖြတ်လာ လူမရှိတဲ့အတွက် လူထိခိုက်မှုမရှိခဲ့ဘူး” ဟု ဦးရဲကျော်စွာက ပြောကြားသည်။

ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးမှာ အထက်ပန်းဆိုးတန်းလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိကြောင်း သိရသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတိထားရမယ့် လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စဖြစ်တယ်။ အဓိကကတော့ ပြည်သူ့ပါတီကို ရည်ရွယ်တယ်။ ဦးတည်တယ်။ ပစ်မှတ်ထား ခြိမ်းခြောက်မှုတစ်ခု ဒါမှမဟုတ်ရင် အသိပေးချက်တစ်ခုလို့ သံသယဖြစ်စရာရှိတယ်။ အခုထိတော့ ဘယ်အဖွဲ့အစည်း ဘယ်သူဘယ်ဝါကနေ သူတို့လုပ်ပါတယ်ဆိုတာကို လူမှုကွန်ရက်ကနေ ကြေညာတာမျိုးမတွေ့သေးဘူး” ဟု ဦးရဲကျော်စွာက ပြောကြားသည်။

Most Read

Most Recent