■ ရွေးကောက်ပွဲ၌ ပြည်သူလူထုကို မက်လုံးပေး မဲဆွယ်စရာမလိုဘဲ ပါတီ၏ မူဝါဒလမ်းစဉ်သဘောထားကို ပြရမည်ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပြောကြား 

■ ရွေးကောက်ပွဲ၌ ပြည်သူလူထုကို မက်လုံးပေး မဲဆွယ်စရာမလိုဘဲ ပါတီ၏ မူဝါဒလမ်းစဉ်သဘောထားကို ပြရမည်ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပြောကြား 
Published 20 December 2025

ရွေးကောက်ပွဲ၌ ပြည်သူလူထုကို မက်လုံးပေး မဲဆွယ်စရာမလိုဘဲ ပါတီ၏ မူဝါဒလမ်းစဉ်သဘောထားကို ပြရမည်ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားသည်။

ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ပျော်ဘွယ်မြို့နယ် ကြို့ကုန်းကျေးရွာ၌ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ ဒီတစ်ခေါက် ရွေးကောက်ပွဲက နိုင်ငံရေးကို နိုင်ငံရေးလိုပဲ ဖြတ်သန်းကြမယ်။ ရွေးကောက်ပွဲကို ရွေးကောက်ပွဲလိုပဲ ဖြတ်သန်းရမယ်။ ရွေးကောက်ပွဲက သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းပြောတဲ့ ခေတ်မဟုတ်ဘူး။ နောက်ပြီးတော့လည်း ရွေးကောက်ပွဲဟာ ပြည်သူလူထုကို မက်လုံးတွေ ပေးပြီးတော့ မဲဆွယ်နေစရာ မလိုဘူး။ အဓိက ကိုယ့်ပါတီရဲ့ မူဝါဒလမ်းစဉ်သဘောထားပေါ့၊ ဒါကိုပြရမှာ။ ရွေးကောက်ပွဲကျမှ ပြရမှာမဟုတ်ဘူး” ဟု ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် တိုင်းပြည်၏ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ သင့်လျော်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သင့်လျော်သူများကို ပြည်သူများ ရွေးချယ်နိုင်ရန်အတွက် ရှာဖွေစုဆောင်းထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားသည်။

“ပညာရေးနဲ့ပတ်သက်လို့ကတော့ ဘယ်သူတွေ၊ ကျန်းမာရေးနဲ့ပတ်သက်လို့ ဘယ်သူကတော့ သင့်တော်တယ်၊ နောက်တစ်ခါ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ ဘယ်သူကတော့ သင့်တော်တယ်၊ တိုင်းဒေသကြီးမှာ အလုပ်လုပ်မယ့်သူတွေက ဘယ်လိုလူမျိုးက သင့်တော်တယ်၊ ဒီလို ကျွန်တော်တို့က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကဏ္ဍအစုံမှာ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေ ဘယ်သူတွေရှိလဲလို့ ကျွန်တော်တို့က ရှာဖွေစုဆောင်းပြီးတော့ထားတယ်။ အခု ရွေးချယ်ခံမယ်ဆိုတဲ့ ရွေးကောက်ပွဲ ပေါ်လာတဲ့အခါကျတော့ အဲ့ဒီလူတွေကို ကျွန်တော်တို့က ပြည်သူတွေ ရွေးလို့ရအောင် ချပေးလိုက်တယ်” ဟု ပြောကြားသည်။

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရန်အတွက် ရွေးကောက်ပွဲသည် မလွဲမသွေ ဖြတ်သန်းရမည့်ကိစ္စဖြစ်ကြောင်း၊ ပြည်သူများနေနှင့်လည်း လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တက်တက်ကြွကြွနှင့် ပါဝင်၍ ဆန္ဒမဲပေးကြရန်လည်း ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားသည်။

 

Most Read

Most Recent