၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် မြန်မာစာ၊ မတ် ၁၂ ရက်တွင် အဂ်လိပ်စာ၊ မတ် ၁၃ ရက်တွင် သခ်ျာ၊ မတ် ၁၄ ရက်တွင် ဓာတုဗေဒ/ပထဝီဝင်၊ မတ် ၁၆ ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ် ၁၇ ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒ စသဖြင့် အသီးသီးဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် (၂၀၀)ကျပ်နှင့်စာမေးပွဲဝင်ကြေး အတွက် (ရဝဝ)ကျပ်တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၅၂) နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျောင်းတွင်းမှ ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် ဖြေဆိုခွင့်လျှောက်လွှာများကို သက်ဆိုင်ရာ ကျောင်းများမှလည်းကောင်း၊ ပြင်ပမှဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများမှ လည်းကောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ် စေလွှတ်၍ လာရောက်ဝယ်ယူရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံများကို ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင် အရောင်နှစ်မျိုးခွဲခြားသတ်မှတ်ထားကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဖြေဆိုရန်လျှောက်လွှာတင်သွင်းမည့် ကျောင်းသားကျောင်းသူများအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများသည် လျှောက်လွှာတစ်စောင်ချင်းစီတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများကို ကပ်၍ မိမိတို့ ကျောင်းအလိုက် ဖြေဆိုခွင့်လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း တင်သွင်းခဲ့ကြရကြောင်း သိရသည်။
ပြင်ပမှဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့်သူများသည် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများနှင့် လျှောက်လွှာများဝယ်ယူပြီး ဖြေဆိုခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင် အဆိုပါ ငွေသွင်းတံဆိပ်ခေါင်းကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း တင်သွင်းခဲ့ကြရသည်။
သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီ ပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည် မဟုတ်ကြောင်း၊ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားတို့တွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြား ဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါသဖြင့် မိမိတို့ဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ/မရှိ သေချာစွာ စစ်ဆေးပြီး ဖြေဆိုမည့်သူကိုယ်တိုင် ဖြည့်စွက်လျှောက်ထားကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြီးခဲ့သည့်လပိုင်းက ထုတ်ပြန်ထားသည်။















