ကရင်နှစ် ၂၇၆၅ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ပြာသိုလဆန်း ၁ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သိ့ု ကရင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများ လာရောက်ဆင်နွှဲခဲ့ကြပြီး လာရောက်သူများပြားကာ စည်ကားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို) ဂုဏ်ထူးဆောင်နာယက၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည်ကိုးချက်တီးကာ ကရင်လူငယ်ကိုးဦးက ကျွဲချိုမှုတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို) ဂုဏ်ထူးဆောင်နာယက၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရင်း ညီညွတ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ်သို့ ပါဝင်ဆောင်ရွက်ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားသည်။
ကရင်ဘိုးဘွားများ တည်ထောင်ပေးခဲ့သော ကရင်နှစ်သစ်ကူးနေ့ထူးနေ့မြတ်ကို ကမ္ဘာတည်သရွေ့ အရှည်တည်တံ့အောင် နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ကျင်းပရန်၊ ကရင်လူမျိုးများ ခေတ်အဆက်ဆက် အမြတ်တနိုး တန်ဖိုးထားခဲ့သည့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ်စောင့် ရှောက်ကြရန် အဆိုပါ အခမ်းအနားတွင် ဦးစောထွန်းအောင်မြင့်က တိုက်တွန်းခဲ့သည်။
ထို့ပြင် ကရင်လူမျိုးများ၏ ဘဝဖွံ့ဖြိုးတိုး တက်ရေးနှင့်အတူ မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီအစ်ကို တိုင်းရင်းသားများနှင့် အတူတကွ လက်တွဲပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီ ကြိုးပမ်းတည်ဆောက်ကြရန်လည်း ဦးစောထွန်းအောင်မြင့်က တိုက်တွန်းသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားခဲ့ပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ကရင် ရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ကရင်တိုင်းရင်းသားများ၏ ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေမှုများ၊ လက်ဝှေ့ပွဲများ၊ ချောတိုင်တက်ပွဲနှင့် ခေါင်းအုံးရိုက်ပွဲများကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ကြသည်။















