အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံသားများပါသည့် ဒုတိယအသုတ်ကို နိုင်ငံမှ နှင်ထုတ်ပြီး လေယာဉ်ဖြင့် ပြန်ပို့လိုက်ပြီဖြစ်ကြောင်း အီရန်အရာရှိများက ပြောကြားသည်။
အီရန်နိုင်ငံသား ၅၀ ကျော် တင်ဆောင်လာသည့် စင်းလုံးငှားလေယာဉ်တစ်စင်း ဒီဇင်ဘာ ၇ ရက်က အရီဇိုးနားပြည်နယ်၊ မီဆာမြို့မှ ထွက်ခွာလာခဲ့ပြီး ကိုင်ရိုနှင့် ကူဝိတ်တို့ကို ဖြတ်သန်းကာ အီရန်သို့ ဆိုက်ရောက်လာခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အီရန်နိုင်ငံသားများ ပြန်ပို့ခံရမှုကို အတည်ပြုခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ၏ ပြောကြားချက်ကို ကိုးကားပြီး အီရန်တရားစီရင်ရေး၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ Mizan သတင်းဌာနက ယခုတစ်သုတ် ပြန်ပို့ခံရသည့် အီရန်နိုင်ငံသားဦးရေက ၅၅ ဦးဟု ဖော်ပြခဲ့သည်။
အမေရိကန်ပြည်ထောင်စုက နိုင်ငံခြားသားများ၊ အထူးသဖြင့် အီရန်နိုင်ငံသားများအပေါ် လူဝင်မှုကြီးကြပ်ရေးအပြင် ခွဲခြားဆက်ဆံသည့်မူဝါဒများ ဆက်လက်ရှိနေခြင်းကြောင့် ၎င်းတို့ဆန္ဒအလျောက် နိုင်ငံသို့ ပြန်လာခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိက ဆိုသည်။
အမေရိကန်ဘက်ကမူ အီရန်နိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ရခြင်းက ဥပဒေကြောင်းအရဖြစ်သကဲ့သို့ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းကြောင့်ဟုလည်း ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာတွင် အီရန်အရာရှိများက ဒေါ်နယ်ထရန့်အစိုးရ၏ မူဝါဒအောက်တွင် အီရန်နိုင်ငံသား ၄၀၀ ခန့်အထိ ပြန်ပို့ခံရနိုင်သည်ဟု ခန့်မှန်းခဲ့သည်။ စက်တင်ဘာမှာပင် အီရန်နိုင်ငံသား ပထမအသုတ်ကို လေယာဉ်ဖြင့် ပြန်ပို့လိုက်သည်။
၁၉၇၉ ခုနှစ် တော်လှန်ရေးမတိုင်မီနှင့် တော်လှန်ရေးနောက်ပိုင်းတွင် အီရန်နိုင်ငံသား အများအပြား အမေရိကန်သို့ ထွက်ပြေးခဲ့ကြသည်။ ထိုအချိန်မှစပြီး ဆယ်စုနှစ်များအတွင်း ဘာသာရေး၊ လိင်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးအရ ညှဉ်းပန်းနှိပ်စက်မှုတို့မှ ထွက်ပြေးလွတ်မြောက်လာသည့် အီရန်နိုင်ငံသားများက နေထိုင်ခွင့်တောင်းခံရာတွင် အမေရိကန်က စာနာနားလည်ပေးခဲ့သည်။
အီရန်သည် အတိတ်ကာလတွင် အကျဉ်းသားလဲလှယ်မှုများ ပြုလုပ်ရန် အနောက်နိုင်ငံသားများ၊ ပြည်ပနှင့် ဆက်စပ်မှုရှိသူများကို ဖမ်းဆီးထိန်းသိမ်းခြင်းများ လုပ်ဆောင်ခဲ့သည်။
ရွှေ့ပြောင်းနေထိုင်သူများကို ကူညီပေးသည့်အဖွဲ့အစည်း Borderland Companions of Hope မှ အဖွဲ့ဝင် ဘုန်းတော်ကြီးတစ်ဦးက ယခုနှင်ထုတ်ခံရသည့်အထဲ ခရစ်ယာန်ဘာသာပြောင်းလဲသူများလည်း ပါဝင်သည်ဟု အရီဇိုးနားထိန်းသိမ်းရေးစခန်းအတွင်းမှ အဆက်အသွယ်များမှတစ်ဆင့် သိရကြောင်း ထုတ်ဖော်ပြောသည်။ ထို့ပြင် LGBT အဖြစ်သတ်မှတ်ထားသူများလည်း ပါသည်ဟု ၎င်းက ပြောသည်။
အီရန်တွင် ခရစ်ယာန်ဘာသာပြောင်းလဲသူများနှင့် LGBT ခံယူထားသူများသည် ပြင်းထန်သည့် ဥပဒေကြောင်းနှင့် လူမှုရေးဆိုင်ရာအကျိုးဆက်များကို ရင်ဆိုင်ရလေ့ရှိသည်။
အီရန်နှင့် အမေရိကန်တို့ကြား တင်းမာမှုများ မြင့်တက်နေချိန် ယခုကဲ့သို့ပြန်ပို့မှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဇွန်လက အီရန်နှင့်အစ္စရေးတို့ ၁၂ ရက်ကြာစစ်ပွဲအတွင်း အီရန်နျူကလီးယားစခန်းအချို့ကို အမေရိကန်က ဗုံးကြဲခဲ့ပြီးနောက် ရှိရင်းစွဲတင်းမာမှုများ ပိုဆိုးသွားခဲ့သည်။
Ref: AP & BBC









