■ပြင်ဦးလွင်မြို့၏ တောင်ဘက်ပိုင်း၌ သစ်တောဖုံးလွမ်းမှုရှိစေရေး ပြန်လည်ဆောင်ရွက်ရန်လိုပြီး ပြင်ဦးလွင်ဒေသ၏ စိမ်းလန်းစိုပြေမှုနှင့် အေးမြသာယာသည့် ရာသီဥတုကို ဆက်လက်ထိန်းသိမ်းရမည်ဟုဆို
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂ ရက်က ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုနှင့် ဘူတာကြီးထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ သွားရောက်ကြည့်ရှုရာတွင် ကန်တော်ကြီးဥယျာဉ်ရှင်းလင်းဆောင်ခန်းမ၌ ယာယီသမ္မတအားသသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးနှင့် ဥယျာဉ်တာဝန်ခံကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးတို့က ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃ ရက်၌ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကန်တော်ကြီးဥယျာဉ်သို့ လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အမျိုးသားကန်တော်ကြီးဥယျာဉ် (၁၈) ကြိမ် မြောက်ပန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြကွက်များအလိုက် အလှပန်းမန်များ စိုက်ပျိုး ထားရှိမှုအခြေအနေများ၊ လာရောက်အပန်းဖြေအနားယူကြမည့်သူများအတွက် ဂီတ ဖျော်ဖြေပွဲများ ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပန်းပွဲတော်တေးသီချင်း စီစဉ်ရိုက်ကူးထားရှိမှုအား တင်ပြခဲ့ကြောင်း သိရသည်။
ထိုသို့ တင်ပြမှုများအပေါ် ယာယီသမ္မတက ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်ရမည် ဖြစ်ပြီး ဒေသပန်းမျိုးများ၊ နိုင်ငံခြားဖြစ်ပန်းမျိုးများ အားလုံးဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်၍ အခြားဒေသများသို့ ဖြန့်ချိနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပနိုင်ငံများသို့လည်း ပန်းများကို တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် ပြင်ဦးလွင်ဒေသအတွင်း ပန်းစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသ၏ ရေခံမြေခံ ကောင်းများကို အကျိုးရှိစွာ အသုံးချ၍ ပန်းမြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီအောင် ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသအတွင်း ပန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျဆက်လက်ဆောင် ရွက်သွားကြရန်လိုကြောင်း၊ ဒေသပန်းမျိုးများကို ထိန်းသိမ်းခြင်းနှင့် အရောင်အဆင်း၊ အနံ့ကောင်းမွန်ပြီး အရည်အသွေးတိုးတက်အောင် သက်ဆိုင်ရာ သုတေသနအဖွဲ့များက ဆောင်ရွက်သွားရန်လိုသကဲ့သို့ အခြားဒေသမှ ပန်းမျိုးကောင်း၊ ဖူးပွင့်နိုင်ရေး မျိုးသန့်များကိုလည်း ဒေသတွင်းအောင်မြင်ဖြစ်ထွန်းစွာဖြင့် စမ်းသပ်ဆောင်ရွက်သွားရန်လို ကြောင်း၊ ဥယျာဉ်နေရာများ၌သာမက မြို့အတွင်းရှိလမ်းများ၊ ရပ်ကွက်များအတွင်း၌ လည်း သစ်ပင်ပန်းမန်များစိုက်ပျိုး၍ မျက်စိပသာဒ ဖြစ်စေရေး ဆောင်ရွက်သွားရန်လို ကြောင်း ပြောကြားသည်။
ထို့ပြင် ပြင်ဦးလွင်မြို့၏ တောင်ဘက်ပိုင်း၌ သစ်တောဖုံးလွမ်းမှုရှိစေရေး ပြန်လည်ဆောင်ရွက်သွားရန်လိုပြီး ပြင်ဦးလွင်ဒေသ၏ စိမ်းလန်းစိုပြေမှုနှင့် အေးမြသာယာ သည့် ရာသီဥတုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့အတွင်း လမ်းဘေးများရှိသစ်ပင်များနှင့် ကန်တော်ကြီးဥယျာဉ် အတွင်းရှိသစ်ပင်များကိုလည်း အောက်ခြေရှင်းခြင်း၊ အလင်းဖွင့်ခြင်းတို့ဆောင်ရွက်၍ လေဝင်လေထွက် ကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု၍ ရွှံ့နွံလျှောက်လမ်း ဆောင်ရွက်ထားရှိမှု၊ ဥယျာဉ်အတွင်း သစ်ပင် ပန်းမန်များ စိုက်ပျိုးထိန်းသိမ်းထားရှိမှု များ၊ ဒေသပန်းမျိုးများ သုတေသနစင်တာနှင့် စမ်းသပ်စိုက်ခင်းအတွင်း သုတေသနပြု စိုက်ပျိုးစမ်းသပ်ထားရှိမှု၊ ရေကန်ပတ်လမ်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ် ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဥယျာဉ်အတွင်း သန့်ရှင်းသာယာ လှပမှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွှံ့နွံလျှောက်လမ်းပေါ်တွင် လူအများသွားလာကြမည်ဖြစ်သဖြင့် သစ်အမျိုးအစား ကောင်းများအသုံးပြုခင်းကျင်းရန်နှင့် ကြံ့ခိုင်သပ်ရပ်မှုရှိအောင် ဆောင်ရွက်သွား ရန်လိုကြောင်း၊ ဒေသပန်းမျိုးများအား စနစ်တကျ သုတေသနပြုလုပ်၍ အပင်သက် တမ်း၊အပွင့်သက်တမ်းမြင့်မားစေရေး၊ ပွင့်အားကောင်းမွန်မှုရှိစေရေး ဆက်လက်ဆောင် ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ယာယီသမ္မတနှင့်အဖွဲ့ဝင်များသည် ကန်တော်ကြီးပတ်လမ်းနှင့် ခြံစည်းရိုးဆောင်ရွက်ထားရှိမှုအား လျှောက်လမ်းတစ်လျှောက်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှောက်လမ်းနံဘေး၌ အလှပန်းမန်များ စိုက်ပျိုးသွားရန်၊ သန့်ရှင်းသာယာမှုရှိစေ ရေးဆောင်ရွက်သွားရန်၊ လမ်းလျှောက်သူများ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး အတွက် လိုအပ်သည်များ ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကန်တော်ကြီးပတ်လမ်းခြံစည်းရိုးနှင့် လူသွားလမ်းအား ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံတော်အကြီးအကဲလာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာ ကြားမှုဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူသွားလမ်းအကျယ် ၇ ပေ မှ ၁၂ ပေ၊ လမ်းအရှည် ၁၉၀၀ ပေရှိလူသွားလမ်းနှင့် ခြံစည်းရိုးအားပြုပြင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လူသွားလမ်းအား ပြုပြင်တည်ဆောက်ခဲ့ခြင်းကြောင့် အများပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် ကန်တော်ကြီးပတ်လမ်းတစ်လျှောက်အနားယူ အပန်းဖြေလမ်းလျှောက်ခြင်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
အလားတူ ယာယီသမ္မတသည် ပြင်ဦးလွင်မြို့၊ ဘူတာကြီး ထိန်းသိမ်းဆောင် ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများက ဘူတာရုံအတွင်း သန့်ရှင်းသာယာမှုရှိစေရေးဆောင်ရွက်ထားရှိမှု၊ ဘူတာရုံဧရိယာအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများ၊ စီးပွားရေးလုပ်ငန်းဝင်ရောက်လုပ်ကိုင်နေ သူများအားဖယ်ရှား ရှင်းလင်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြခဲ့ပြီးရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘူတာရုံဧရိယာအတွင်း စနစ် တကျဖြစ်စေရေးစီမံဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကာ ဘူတာရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိစစ်မှုထမ်းဟောင်း အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အိမ်ရာတွင်နေထိုင်နေကြသည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအား နှုတ်ဆက်ကာလိုအပ်ချက်များကို မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင် အခြားအဆင့် နေအိမ် ၂ ခန်းတွဲ ၄ ထပ် ၁၀ လုံး၊ အခြားအဆင့်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁၀ လုံး၊ အရာရှိငယ် နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၃ လုံး၊ အရာရှိကြီးနေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁ လုံးတို့ကို ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်းနှင့် အရာရှိကြီးနေအိမ်၊ အရာရှိငယ်နေအိမ်နှင့် အခြားအဆင့်နေအိမ်များအား ထပ်မံ၍ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။















