စီရော်နယ်လ်ဒိုရဲ့ရုပ်ပုံ မပါရှိတာကြောင့် ဝေဖန်ပြစ်တင်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပိုစတာကို ဖီဖာ ဖျက်သိမ်းခဲ့

စီရော်နယ်လ်ဒိုရဲ့ရုပ်ပုံ မပါရှိတာကြောင့် ဝေဖန်ပြစ်တင်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပိုစတာကို ဖီဖာ ဖျက်သိမ်းခဲ့
Photo: FIFA
Photo: FIFA
Published 21 November 2025

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုရဲ့ရုပ်ပုံ မပါရှိတာကြောင့် ဝေဖန်ပြစ်တင်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပိုစတာကို ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။

ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေ ပြီးဆုံးပြီးနောက် ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အသင်း ၄၂ သင်း အဖြေပေါ်ချိန်မှာ အဆိုပါအသင်းတွေက ကစားသမားတစ်ဦးစီ ပါဝင်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပိုစတာကို ဖန်တီးပြီး လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီလို ဖော်ပြရာမှာ ပေါ်တူဂီအသင်းကိုယ်စားပြု ကစားသမားအဖြစ် အကျော်ကြားဆုံးကစားသမားဖြစ်တဲ့ စီရော်နယ်လ်ဒိုရဲ့ရုပ်ပုံကို အသုံးမပြုဘဲ ဘရူနိုဖာနန်ဒက်စ်ရဲ့ရုပ်ပုံကို အသုံးပြုခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပါတယ်။

ဖီဖာရဲ့လုပ်ရပ်ဟာ စီရော်နယ်လ်ဒိုအပေါ် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် စီရော်နယ်လ်ဒိုက ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် မက်ဆီနဲ့ ပြိုင်ဆိုင်ရာမှာ ခြောက်ပွဲ၊ ခုနစ်ပွဲသာ ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုက အဆုံးအဖြတ်မဖြစ်သင့်ကြောင်း ပြောကြားခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်းလည်း ပရိသတ်တချို့က ထောက်ပြခဲ့ကြပါတယ်။

ကမ္ဘာ့ဖလားပိုစတာမှာ စီရော်နယ်လ်ဒိုရဲ့ရုပ်ပုံ မပါရှိခြင်းအတွက် လူမှုကွန်ရက်မှာ ပရိသတ်တစ်ဦးက ''ဖီဖာက တရားဝင်ကမ္ဘာ့ဖလားပိုစတာမှာ စီရော်နယ်လ်ဒိုကို ချန်လှပ်ခဲ့တာ နားလည်ရခက်ပါတယ်။ စျေးကွက်ရှုထောင့်ကကြည့်ရင် သူက ကမ္ဘာမှာ လွှမ်းမိုးမှုအရှိဆုံးအားကစားသမားတစ်ယောက်ပါ။ ပြိုင်ပွဲကို စျေးကွက်မြှင့်ပေးနိုင်မယ့်သူပါ''လို့  ရေးသားခဲ့ပါတယ်။

နောက်တစ်ဦးကလည်း ''၂၀၂၆ ကမ္ဘာ့ဖလားပိုစတာမှာ စီရော်နယ်လ်ဒို မပါတာ ထူးဆန်းပါတယ်။ သူက ပြိုင်ပွဲတိုင်းရဲ့ မျက်နှာစာမှာ မက်ဆီနဲ့အတူ ဆယ်စုနှစ်နှစ်ခုနီးပါး ရပ်တည်ခဲ့တဲ့သူပါ''လို့ ရေးသားခဲ့ပါတယ်။

ဖီဖာက အခုလို ဝေဖန်ပြစ်တင်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် အဲဒီပိုစတာကို X အကောင့်ကနေ ဖယ်ရှားဖျက်သိမ်းခဲ့ပေမဲ့ စီရော်နယ်လ်ဒိုရဲ့ပုံကို ဘာကြောင့် ချန်လှပ်ခဲ့ရတာလဲဆိုတာကိုတော့ ဖြေရှင်းချက်မပေးသေးကြောင်း သိရပါတယ်။

Most Read

Most Recent