■ ပြည်သူ့ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပ

■ ပြည်သူ့ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပ
Published 19 November 2025

ပြည်သူ့ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ကန်နောက်ရပ်ကွက် အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးရုံးအောက် လမ်းဘေးပလက်ဖောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ဗဟိုကော်မတီဝင်အချို့က အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့်အတူ ဗဟိုကော်မတီဝင်အချို့က ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး အစီအစဉ်အရ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “အခမ်းအနားကျင်းပရတဲ့ နေရာက ပလက်ဖောင်းပေါ်မှာဖြစ်တယ်။ ပလက်ဖောင်းပေါ်မှာဖြစ်တော့ ကျွန်တော်က ဒီအခြေအနေကို ကြည့်ပြီးတာနဲ့ စိတ်ထဲမှာ ဘယ်လိုပေါ်လာသလဲဆိုတော့ ကျွန်တော်တို့သည် နိုင်ငံရေးပလက်ဖောင်းက ပျောက်သလောက်ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ခြိမ်းခြောက်မှုအမျိုးမျိုး၊ ကြောက်ရွံ့မှုအမျိုးမျိုးနဲ့ နိုင်ငံရေးလုပ်ရတာကိုပဲ အန္တရာယ်ရှိသလိုဖြစ်လာတယ်”ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံရေးနည်းလမ်းက အောင်မြင်ပါမည်လော၊ နိုင်ငံရေးနည်းလမ်းက မဖြစ်နိုင်ဘူးဆိုသည့် သံသယများလည်း ကြီးထွားနေသည့်အခါ နိုင်ငံရေးဘောင်သည် ကျဉ်းသွားကာ စစ်ဘောင်သည် ကျယ်လာကြောင်း ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

“ပြောရရင် သေနတ်ကိုင်ထားတာ အကုန်ကြောက်နေရတယ်။ ဘယ်သူတွေမှန်းကို မသိတော့ဘူး။ အခုဖြစ်နေတဲ့ဟာက။ ဆိုတော့ အဲ့ဒီလို အခြေအနေမျိုးမှာ နိုင်ငံရေးဘောင် ပြန်ပြီးတော့ ကျယ်လာဖို့၊ နိုင်ငံရေးပလက်ဖောင်း ပြန်ပြီးတော့ အခြေချနိုင်ဖို့အတွက် ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေး ဖွင့်ပွဲအခမ်းအနား ကျင်းပတာကိုယ်နှိုက်က ပလက်ဖောင်းပေါ်မှာ ကျင်းပတာ။ အဲ့ဒါ ကိုယ်နှိုက်က အတိတ်ကောင်း၊ နိမိတ်ကောင်းပဲ။ ကျွန်တော်တို့အားလုံးအတွက် နိုင်ငံရေးပလက်ဖောင်း ပြန်ပေါ်လာမယ်။ ပြီးရင် ဒီနိုင်ငံရေးဘောင်ကို ကျယ်သထက်ကျယ်အောင် ချဲ့ရမယ်။ စစ်ဘောင်ကို ကျဉ်းသထက် ကျဉ်းအောင် ကျွန်တော်တို့ လုပ်ရမယ်။ ဒါ သိပ်အရေးကြီးတယ်”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။ 

ထို့နောက် ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးတို့က အမှာစကားနှင့် ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ကြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီသည် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုကိုးကျွန်းမြို့နယ်နှင့် လသာမြို့နယ်မှလွှဲ၍ ကျန်မြို့နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent