ဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရတဲ့ မန်ယူအသင်းရဲ့ အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ လာမယ့် အဲဗာတန်နဲ့ပွဲမှာ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်ဟာ ဖေဖော်ဝါရီလက ယှဉ်ပြိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဒူူးအရွတ်စုတ်ပြဲတဲ့ဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလရှည်အနားယူခဲ့ရတာဖြစ်ပြီး မန်ယူအသင်းအတွက် မကစားနိုင်တာ (၉)လကျော် ကြာမြင့်သွားခဲ့ပါပြီ။
လက်ရှိအချိန်မှာတော့ ဒဏ်ရာပျောက်ကင်းသွားပြီဖြစ်တာကြောင့် အောက်တိုဘာလအတွင်း မန်ယူအသင်းနဲ့အတူ လေ့ကျင့်မှုအပြည့် ပြန်လုပ်နိုင်ပြီဖြစ်သလို၊ အခု နိုင်ငံတကာရက်သတ္တပတ်မှာလည်း အာဂျင်တီးနားအသင်းနဲ့အတူ လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် လီဆန်ဒရိုမာတီနက်ဇ်အနေနဲ့ မန်ယူအသင်းအတွက် ပြန်ကစားဖို့ အသင့်ဖြစ်နေပြီး အဲဗာတန်နဲ့ပွဲလူစာရင်းမှာ ပါဝင်လာဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။
မန်ယူအသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လာမယ့်တစ်ပတ်မှာတော့ လီဆန်ဒရိုမာတီနက်ဇ်ကို ဒဏ်ရာရရှိစေခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။















