ဘင်္ဂလားဒေ့ရှ်တရားရုံးသည် နိုဝင်ဘာ ၁၇ ရက်တွင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် ပြစ်မှုထင်ရှားတွေ့ရှိခဲ့ပြီး သေဒဏ်ချမှတ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းရန်အမိန့်ပေးမှုအတွက် ဟာဆီနာတွင် တာဝန်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်၏ အထူးခုံရုံးက ပြစ်မှုထင်ရှားတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုဆန္ဒပြမှုများအတွင်း အာဏာပိုင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် လူပေါင်း ၁၄၀၀ ခန့်သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထုတ်ပြန်ခဲ့သည်။
ဟာဆီနာကမူ တရားရုံး၏ ဆုံးဖြတ်ချက်သည် ဘက်လိုက်မှုရှိပြီး နိုင်ငံရေးအရ စေ့ဆော်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ဟာဆီနာသည် အိန္ဒိယနိုင်ငံတွင် ပြည်ပြေးအဖြစ်နေထိုင်နေသဖြင့် ဘင်္ဂလားဒေ့ရှ်တရားရုံးက ၎င်းအား မျက်ကွယ်ပြစ်ဒဏ်အဖြစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်မှုကြောင့် အိန္ဒိယသည် ဟာဆီနာကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းအပ်နှံပေးရန် ဖိအားများနှင့် ရင်ဆိုင်မည်ဖြစ်သော်လည်း အိန္ဒိယအနေဖြင့် ဟာဆီနာကို ဘင်္ဂလားဒေ့ရှ်ထံ လွှဲပြောင်းအပ်နှံဖွယ်မရှိပေ။















