■ ကျားဖျန့်လုပ်ငန်းများတိုက်ဖျက်ရေးအတွက် တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့ အစည်းအဝေးပြုလုပ်

■ ကျားဖျန့်လုပ်ငန်းများတိုက်ဖျက်ရေးအတွက် တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့ အစည်းအဝေးပြုလုပ်
Published 15 November 2025

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် နိုဝင်ဘာ ၁၄ ရက်က တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေးအေဂျင်စီများ အစည်းအဝေးပြုလုပ်ခဲ့ပြီး ကျားဖျန့်လုပ်ငန်းများ တိုက်ဖျက်ရေးအတွက် ပူးတွဲကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်သွားရန် သဘောတူခဲ့ကြသည်ဟု Chinadaily သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ခြောက်နိုင်ငံမှ အရာရှိများသည် နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုများ ရရှိခဲ့သည်ဟု တရုတ်၏ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အစည်းအဝေးတွင် ပါဝင်သူများသည် ဒေသတွင်း ကျားဖျန့်ကွန်ရက်များကို တိုက်ဖျက်ရန် ခိုင်မာစွာ သန္နိဋ္ဌာန်ချထားကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြပြီး အစည်းအဝေးရလဒ်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် နိုင်ငံပေါင်းစုံပါဝင်သည့် ပူးတွဲလုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ပုံမှန် ညှိနှိုင်းဆောင်ရွက်ရေးယန္တရားကို ထူထောင်ခြင်း၊ ထောက်လှမ်းရေးသတင်းများ မျှဝေခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကာ ကျားဖျန့်လုပ်ငန်းများတွင် ပါဝင်သူများကို နေရပ်ပြန်ပို့ရေးနှင့် လွှဲပြောင်းအပ်နှံရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မကြာသေးမီနှင်များအတွင်း တရုတ်သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခဲ့ပြီး သိသာထင်ရှာသည့် ရလဒ်များ ထွက်ရှိခဲ့သည့် ထိရောက်သော ယန္တရားများကို ထူထောင်ခဲ့သည်။

ယခုနှစ်အစောပိုင်းကစပြီး တရုတ်၊ မြန်မာနှင့် ထိုင်းတို့သည် မြန်မာနိုင်ငံ မြဝတီမြို့တွင် လောင်းကစားလုပ်ငန်းများ၊ ကျားဖျန့်များကို နှိမ်နင်းရန် သုံးပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်ရေးယန္တရားတစ်ခုကို ထူထောင်ခဲ့ကာ ပူးတွဲစစ်ဆင်ရေးများပြုလုပ်ခဲ့ပြီး သံသယတရားခံ ၅၅၀၀ ကျော်ကို မြန်မာမှ တရုတ်သို့ လွှဲပြောင်းအပ်နှံခဲ့သည်ဟု တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နှင့် လာအိုရဲတပ်ဖွဲ့သည် လာအို၏ ရွှေတြိဂံအထူးစီးပွားရေးဇုန်းရှိ ကျားဖျန့်လုပ်ငန်းများကို ပစ်မှတ်ထားသည့် ပူးတွဲစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ပြီး သံသယရှိသူ ၆၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် တရုတ်နှင့် ဗီယက်နမ်ရဲတပ်ဖွဲ့သည် ကျားဖျန့်နှိမ်နင်းရေးအထူးစစ်ဆင်ရေးတစ်ခုအတွင်း သံသယရှိသူ ၁၄၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နှင့် ကမ္ဘောဒီးယားရဲတပ်ဖွဲ့သည်လည်း ကမ္ဘောဒီးယားတွင် သံသယရှိသူ ၂၁၄၁ ဦးကို ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့အားလုံးကို တရုတ်သို့ လွှဲပြောင်းအပ်နှံခဲ့သည်။

တရုတ်ရဲတပ်ဖွဲ့သည် ကြီးမားသည့် သန္နိဋ္ဌာန်နှင့်အတူ သံသယရှိသူများကို ဖမ်းဆီးခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်း၊ ပူးတွဲစစ်ဆင်ရေးများကို တိုးမြှင့်ခြင်း၊ ကျားဖျန့်လုပ်ငန်းများကို နှိမ်နင်းခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Ref: China Daily

 

Most Read

Most Recent