အက်သလက်တီကိုအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က သူ့အနေနဲ့ တက်တူးမထိုးတာဟာ တခြားသူတွေနဲ့မတူအောင် လုပ်ဆောင်ခြင်းမဟုတ်ဘဲ လိုအပ်တယ်လို့ မထင်တာကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်(၂၅ နှစ်)ဟာ ဒီနေ့ခေတ် ဘောလုံးလောကမှာ တက်ထူးထိုးထားခြင်းမရှိတဲ့ ရှားရှားပါးပါးကစားသမားတစ်ယောက်ဖြစ်ပြီး ဒီအတွက် L'Equipe က မေးမြန်းခဲ့ရာမှာ ငယ်စဉ်က ဖခင်ဖြစ်သူရဲ့ တားမြစ်ပိတ်ပင်ထားတဲ့ စည်းကမ်းချက်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
''လက်ရွေးစင်အသင်းမှာ ရှိနေတဲ့တစ်နေ့ ကျွန်တော်က တက်တူးမရှိတဲ့ တစ်ဦးတည်းသောသူဖြစ်ကြောင်း တစ်ယောက်က မှတ်ချက်ပေးခဲ့ပါတယ်။ ဒါကို ကျွန်တော် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော် ကလေးအရွယ်မှာ အဖေက တက်တူးမထိုးရ၊ ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရလို့ တားမြစ်ခဲ့ပါတယ်။ အခု ကျွန်တော် အရွယ်ရောက်ပြီး အရာရာတိုင်းကို ဆုံးဖြတ်လို့ရပြီဖြစ်ပေမဲ့ ဒါတွေ ရှိဖို့လိုတယ်လို့ မခံစားရပါဘူး'' လို့ အယ်လ်ဗာရက်ဇ်က ပြောကြားခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးမှာ ခြေစွမ်းပြနိုင်ခဲ့သလို၊ အက်သလက်တီကိုအသင်းမှာလည်း ခြေစွမ်းပြနေတာကြောင့် လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းက လီဝန်ဒေါစကီးနေရာ အစားထိုးဖို့ ခေါ်ယူလိမ့်မယ်လို့လည်း သတင်းထွက်နေပါတယ်။
ဒီအတွက် မေးမြန်းမှုကိုတော့ အယ်လ်ဗာရက်ဇ်က ''စပိန်မှာ ကျွန်တော်နဲ့ ဘာစီလိုနာအကြောင်း ပြောနေကြတာတော့ အများကြီးပါပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း PSG နဲ့ ပြောခဲ့ကြပါတယ်။ ကျွန်တော့်အေးဂျင့်နဲ့ PSG တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဘာမှ ဖြစ်မလာပါဘူး။ အခု ကျွန်တော် အက်သလက်တီကိုအသင်းကိုပဲ အာရုံစိုက်ထားပါတယ်။ ရာသီကုန်ရင် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ တွေ့ရမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။















