ပြည်တွင်း၌ ရောင်းချနေသည့် တရုတ်နိုင်ငံထုတ် အလှကုန် အပါအဝင် အလှကုန်ပစ္စည်းငါးမျိုးတွင် တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်းငါးမျိုးသည် မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုဆေးဝါးများ ပါဝင်နေသဖြင့် အများပြည်သူသုံးစွဲရန် မသင့်လျော်ကြောင်း FDA က ထုတ်ပြန်သည်။
အဆိုပါ အလှကုန်ပစ္စည်း ငါးမျိုးမှာ တရုတ်နိုင်ငံထုတ်များဖြစ်သည့် GQHUDA BEAUTY/18 SHADES FOR BOMB BRONZE LOOKS Eye Shadow Palette၊ GQHUDA BEAUTY NEW NUDE EYE SHADOW Palette၊ 1 Karite/ Velvet Cheer 3 in 1 Blusher &Hightkighter Powder & Contour၊ ထိုင်ဝမ်ထုတ် NYX/ Powder Puff Lippie PPL 01 COOL INTENTIONS၊ Made In PRC ထုတ် ANY LADY/ Make up Palette (Strawberry Joy) တို့ဖြစ်ပြီး ယင်းအလှကုန်များတွင် Rodamin B နှင့် Lead တို့ ပါဝင်သည်ဟု FDA က ဖော်ပြထားသည်။
တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဒာကိုယ်အတွင်း စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်ကြောင်း FDA က ထုတ်ပြန်သည်။
သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၃ အပိုဒ် ၃ (ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်သည်။















