ဘုရင်မဟာဝီဇယလောင်ကွန်၏ မယ်တော်ဖြစ်ပြီး ထိုင်း သက်တမ်းအရှည်ဆုံး ဘုရင်ဘူမိဘောအဒူရာဒတ်၏ မိဘုရားဖြစ်သော ဘုရင်မဟောင်း သီရီခေတ်သည် သက်တော် ၉၃ နှစ်အရွယ် အောက်တိုဘာ ၂၄ ရက်တွင် ကံတော်ကုန်သွားခဲ့သည်ဟု ဘုရင့်နန်းတော်က ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုသည် ရိုသေကိုင်းရှိုင်းခံရသော မိသားစုဖြစ်ပြီး ပြည်သူအများစုက ဘုရင့်မိသားစုကို နတ်ဘုရားတစ်ပိုင်း မိသားစုအဖြစ် ပြုမူကြသည်။ ထို့အပြင် တော်ဝင်မိသားစုအကြောင်းကို မီဒီယာတွင် ရွှန်းရွှန်းဝေ ဖော်ပြတတ်ကြပြီး ရွှေဖြင့်ဆင်ယင်ထားသော ရုပ်ပုံတို့ကို နိုင်ငံတစ်ဝန်းရှိ အများပြည်သူ နားခိုရာနေရာများတွင်လည်းကောင်း၊ ပြည်သူတို့၏ နေအိမ်များတွင်လည် ကောင်း ချိတ်ဆွဲထားကြသည်။
ဘုရင်ဘူမိဘောအဒူရာဒတ်နှင့် အိမ်ထောင်သက် ၆၆ နှစ်အတွင်းတွင် မိဘုရား သီရီခေတ်သည် နာမည်နှစ်မျိုးဖြင့် ထင်ရှားခဲ့သူဖြစ်ရာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်သူအဖြစ်လည်းကောင်း၊ ပြုစုစောင့်ရှောက်သော အိမ်ထောင်ရှင်အမျိုးသမီးအဖြစ်လည်းကောင်း ထင်ရှားခဲ့သည်။ ထို့ကြောင့် အနောက်မီဒီယာအချို့က မိဘုရားကြီး၏ပုံကို မဂ္ဂဇင်းမျက်နှာဖုံးများတွင် ဖော်ပြခဲ့ကြပြီး အမေရိကန်သမ္မတကတော်ဟောင်း ဂျက်ကီ ကနေဒီနှင့် နှိုင်းယှဉ်ခဲ့ကြသည်။
“မိဘုရာကြီး ကျန်းမာရေး မကောင်းဘူးဆိုတဲ့သတင်းကို ကျွန်မ ကြားထားပြီးပါပြီ။ အသက်ကလည်း ၉၀ ကျော်ရှိနေပြီဖြစ်လို့ တစ်နေ့ ဒီလိုဖြစ်လာမယ်ဆိုတာ သိပါတယ်” ဟု ဘန်ကောက်မြို့တွင် နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် အိမ်ထောင်ရှင်မ ဆာ ဆစ်ပွတ်သာစစ်က အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
“ဒါပေမဲ့ ဒီနေ့မှာ ကံတော်ကုန်မယ်လို့ မျှော်လင့်မထားပါဘူး။ သူဟာ နိုင်ငံရဲ့မိခင်ကြီးဖြစ်တာကြောင့် ဝမ်းနည်းမိပါတယ်။ အခုတော့ သူ မရှိရှာတော့ပါဘူး”ဟု ဆာဆစ်က ပြောသည်။
သီရီခေတ်သည် ၂၀၁၉ ခုနှစ်ကတည်း က ဆေးရုံတက်ခဲ့ရပြီးနောက် ရောဂါအချို့ကို ခံစားခဲ့ရသည်။ ယခုလထဲတွင် သွေးတွင်းရောဂါပိုး ကူးစက်ခံခဲ့ရသည်ဟု နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မယ်တော်ကြီးရဲ့အခြေအနေဟာ အောက်တိုဘာ ၂၄ ရက်တွင် ပိုမိုဆိုးရွားလာခဲ့ပြီးတော့ သက်တော် ၉၃ နှစ်အရွယ်မှာပဲ ချူလာလောင်ကွန်ဆေးရုံမှာ ကံကုန်သွားခဲ့ တာပါ”ဟု နန်းတော်၏ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။
တစ်နှစ်ကြာ ဝမ်းနည်းသည့်ကာလကို စတင်ရန် ဘုရင်ဝီဇယလောင်ကွန်က တော်ဝင်မိသားစုဝင်များကို တာဝန်ပေးလိုက်သည်ဟု နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အများပြည်သူများ၏ ဝမ်းနည်းမှု အမှတ်အသားအဖြစ် အောက်တိုဘာ ၂၅ ရက် စောစောပိုင်းမှစတင်၍ ထိုင်း သတင်းတင်ဆက်သူများသည် နံနက်ပိုင်း သတင်းထုတ်လွှင့်ချိန်တွင် အနက်ရောင်ဝတ်ဆင်ထားသည်။
မယ်တော်ကြီးသည် အလွန်အမင်း လူကြိုက်များသူဖြစ်ပြီး နက်နက်နဲနဲ ကြည်ညိုလေးစားခံရသော နတ်ရွာစံဘုရင်၏ မိဘုရားဖြစ်နေခြင်းကြောင့်လည်း မယ်တော်ကြီး နတ်ရွာစံသွားခြင်းက တောင်ဝင်မိသားစုနှင့် ထိုင်းတစ်နိုင်ငံလုံးအတွက် ထူးခြားသောဖြစ်ရပ် ဖြစ်သည်ဟု ထိုင်သံတမန်ဟောင်းတစ်ဦးက ပြောသည်။
Ref: AFP
Photos: AFP














