Forbes က ထုတ်ပြန်တဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းမှာ စီရော်နယ်လ်ဒို ဆက်လက်ဦးဆောင်ခဲ့ပြီး ယမားလ် အဆင့် ၁၀ နေရာ ရောက်ရှိလာ

Forbes က ထုတ်ပြန်တဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းမှာ စီရော်နယ်လ်ဒို ဆက်လက်ဦးဆောင်ခဲ့ပြီး ယမားလ် အဆင့် ၁၀ နေရာ ရောက်ရှိလာ
Photo: Forbes
Photo: Forbes
Published 17 October 2025

အမေရိကန်အခြေစိုက် နာမည်ကျော် စီးပွားရေးမဂ္ဂဇင်း Forbes  က ၂၀၂၅ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံးဘောလုံးသမား ၁၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ အယ်လ်နာဆာအသင်းက ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဆက်လက်ဦးဆောင်ခဲ့ပြီး ဘာစီလိုနာအသင်းက စပိန်တိုက်စစ်ကစားသမား ယမားလ်က အဆင့် ၁၀ နေရာ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

Forbes ဟာ ပြီးခဲ့တဲ့ မေလအတွင်းက ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမား ၁၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီးနောက် အခု ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမား ၁၀ ဦးစာရင်းကို ထပ်မံထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း စီရော်နယ်လ်ဒိုရဲ့ တစ်နှစ်တာဝင်ငွေဟာ ဒေါ်လာသန်း ၂၈၀ ရှိနေပြီး ကွင်းတွင်းဝင်ငွေက ဒေါ်လာသန်း ၂၃၀၊ ကွင်းပြင်ပ ဝင်ငွေက ဒေါ်လာသန်း ၅၀ ဖြစ်ကြောင်း သိရပါတယ်။

စီရော်နယ်လ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာကြောင့် ဝင်ငွေအကောင်းဆုံးအားကစားသမားအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး အယ်လ်နာဆာအသင်းထံကနေ တစ်နှစ်လျှင် ဒေါ်လာသန်း ၂၃၀ အထိ ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးသမားများထဲမှာ ဒုတိယဝင်ငွေအကောင်းဆုံးက အင်တာမိုင်ယာမီနဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာသန်း ၁၃၀ ရရှိနေခြင်းဖြစ်ပါတယ်။

ဒါကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ ဒုတိယဝင်ငွေအကောင်းဆုံးကစားသမားထက်တောင် ဝင်ငွေနှစ်ဆမက ရရှိနေပါတယ်။

မက်ဆီဟာ ကွင်းတွင်းဝင်ငွေ ဒေါ်လာသန်း ၆၀ သာရရှိပြီး ကွင်းပြင်ပဝင်ငွေက ဒေါ်လာသန်း ၇၀ ရရှိနေတာပါ။

ဒါ့ကြောင့် ကွင်းတွင်းဝင်ငွေထက် ကွင်းပြင်ပဝင်ငွေ ပိုမိုရရှိတဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ်လည်း ရပ်တည်နေပါတယ်။

တတိယဝင်ငွေအကောင်းဆုံးမှာလည်း ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းက ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာဖြစ်တာကြောင့် ဝင်ငွေအကောင်းဆုံး ဘောလုံးသမားသုံးဦးစလုံးဟာ ဥရောပပြင်ပမှာ သွားရောက်ကစားနေသူများဖြစ်နေပါတယ်။

ဘန်ဇီမာဟာ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၀၄ သန်း ရရှိနေခြင်းဖြစ်ပြီး သူ့နောက်မှာ ရီးယဲလ်နဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေက တစ်နှစ်ဝင်ငွေ ဒေါ်လာ ၉၅ သန်း၊ မန်စီးတီးနဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းက တစ်နှစ်ဝင်ငွေ ဒေါ်လာသန်း ၈၀၊ ရီးယဲလ်နဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က  တစ်နှစ်ဝင်ငွေ ဒေါ်လာသန်း ၆၀၊ လီဗာပူးလ်နဲ့ အီဂျစ်တိုက်စစ်ကစားသမား ဆာလာက တစ်နှစ်ဝင်ငွေ ဒေါ်လာ ၅၅ သန်း၊ အယ်လ်နာဆာနဲ့ ဆီနီဂေါကစားသမား မာနေက တစ်နှစ်ဝင်ငွေ ဒေါ်လာ ၅၄ သန်း၊ ရီးယဲလ်နဲ့ အင်္ဂလန်ကစားသမား ဘယ်လင်ဂမ်က တစ်နှစ်ဝင်ငွေ ဒေါ်လာ ၄၄ သန်း၊ ဘာစီလိုနာနဲ့ စပိန်ကစားသမား ယမားလ်က တစ်နှစ်ဝင်ငွေ ဒေါ်လာ ၄၃ သန်း ရရှိနေကြောင်း သိရပါတယ်။

Most Read

Most Recent