လာမယ့် နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်မှာ ယှဉ်ပြိုင်ကစားမယ့် ဘရာဇီးလ်နဲ့ ဆီနီဂေါတို့ရဲ့ ခြေစမ်းပွဲကို အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်စ်ကွင်းမှာ ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဘရာဇီးလ်အသင်းဟာ နိုဝင်ဘာလမှာ အာဖရိကအသင်းနှစ်သင်းဖြစ်တဲ့ ဆီနီဂေါ၊ တူနီးရှားတို့နဲ့ ဥရောပမှာ ခြေစမ်းကစားဖို့ စီစဉ်ထားပြီး တူနီးရှားနဲ့ပွဲကိုတော့ ပြင်သစ်နိုင်ငံ၊ လိုင်လီမြို့မှာ ကစားသွားမှာပါ။
ဘရာဇီးလ်အသင်းဟာ အမ်းမရိတ်စ်ကွင်းမှာ (၉)ပွဲယှဉ်ပြိုင်ကစားဖူးပြီး ဆီနီဂေါအသင်းကတော့ မကစားဖူးသေးကြောင်း သိရပါတယ်။
ဆီနီဂေါအသင်းက ဘရာဇီးလ်ကို မရှုံးဖူးသေးတဲ့ အသင်းတစ်သင်းဖြစ်ပြီး နှစ်ပွဲဆုံတွေ့ခဲ့ဖူးရာမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီကတော့ ''ကျွန်တော့်အတွက်တော့ ဒီပွဲက အလွန်ထူးခြားတဲ့ပွဲပါ။ ကျွန်တော် အာဆင်နယ်အသင်းကို ရောက်နေတာ (၆)နှစ်ကျော်ပြီဖြစ်သလို၊ အမ်းမရိတ်စ်ကွင်းမှာလည်း အမှတ်တရများစွာ ရှိနေပါတယ်။ အခု ဘရာဇီးလ်အသင်းနဲ့အတူ ဒီမှာလာကစားရမှာက အလွန့်အလွန်ထူးခြားတဲ့ အခြေအနေပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။
ဒီရာသီ အာဆင်နယ်အသင်းမှာ မာတင်နယ်လီအပါအဝင် ဘရာဇီးလ်ကစားသမား (၃)ဦးရှိနေပါတယ်။















