ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး လာရောက်ပြီး လူနာများအတွက် ပိုမိုသင့်တော်ကောင်းမွန်သည့် ကုထုံးများ ဆွေးနွေး

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး လာရောက်ပြီး လူနာများအတွက် ပိုမိုသင့်တော်ကောင်းမွန်သည့် ကုထုံးများ ဆွေးနွေး
Published 16 October 2025

​​​​​​​ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး လာရောက်ပြီး လူနာများအတွက် ပိုမိုသင့်တော်ကောင်းမွန်သည့် ကုထုံးများ ဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အောက်တိုဘာလ ၁၅ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer Centre မှ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခ Dr. Moiseyenko နှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြီး အရိုးရောဂါကုဌာန၊ အထွေထွေခွဲစိတ်ကုဌာန၊ သွေးရောဂါအထူးကုဌာနများမှ ကင်ဆာဝေဒနာရှင် (၄) ဦးကို ကြည့်ရှု့စစ်ဆေး၍ လူနာများအတွက် ပိုမိုသင့်တော်ကောင်းမွန်သည့် ကုထုံးများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခအထူးကုဆရာဝန်ကြီးနှင့် ဆွေးနွေးတိုင်ပင်ကြသည်။

 ယင်းနောက် သွေးရောဂါအထူး ကုဌာနရှိ သွေးကင်ဆာခံစားနေရသော လူနာများ၏ ကျန်းမာရေး စစ်ဆေးမှုများကို ကြည့်ရှု၍ လိုအပ်သည့် ကုသနည်းများကို ပူးပေါင်းဆွေးနွေးကြသည်။

 ထို့နောက် ခြင်ဆီအစားထိုးဌာန (Bone marrow transplant center) သို့ သွားရောက်၍ အောင်မြင်စွာ ခြင်ဆီအစားထိုးကုသပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိသည် လူနာများနှင့် ခြင်ဆီအစားထိုး ကုသရန် လျာထားသော လူနာများအကြောင်းနှင့်ပတ်သက်၍  သွေးကင်ဆာကုသနည်းများကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

 ဆက်လက်၍ အစည်းအဝေးခန်းမတွင် Professor Dr. Moiseyenko က “Cancer and Age: How Aging Mechanisms Relate to Oncological Diseases” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာ ဆေးတက္ကသိုလ် ၁ ရန်ကုန် နှင့်  တပ်မတော်ဆေးတက္ကလိုလ်မှ  ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူး (ကင်ဆာဆေးကု)၊ ပါမောက္ခ/ဌာနမှူး (ဓါတ်ရောင်ခြည်) ၊ ပါမောက္ခ/ဌာနကြီးမှူး (ဆေးလက်တွေ့) နှင့် တက်ရောက်လာသူများက အတွေ့အကြုံများကို ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မင်္ဂလာဒုံ၊ (ခုတင် ၅၀၀) အထူးကုဆေးရုံကြီး နှင့် အထွေထွေရောဂါကုဆေးရုံသစ်ကြီး များမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီး/ငယ်များ၊ လက်ထောက်အထူးကုများ နှင့်ဘွဲ့လွန်ကျောင်းသား စုစုပေါင်း (၁၂၀) ဦးတက်ရောက်၍ နှစ်နိုင်ငံကြား ကင်ဆာရောဂါဆိုင်ရာ ဆေးပညာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။

Most Read

Most Recent