■ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အလျှော့အတင်းနှင့် အမှန်တကယ်ငြိမ်းချမ်းလိုသည့် ဆန္ဒနှင့် သွားမှဖြစ်နိုင်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

■ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အလျှော့အတင်းနှင့် အမှန်တကယ်ငြိမ်းချမ်းလိုသည့် ဆန္ဒနှင့် သွားမှဖြစ်နိုင်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 16 October 2025

ငြိမ်းချမ်းရေးစတင်ဆွေးနွေးချိန်တွင် မိမိလိုအင်ဆန္ဒ ၁၀၀ ရာခိုင်နှုန်းမရနိုင်ဘဲ ၁၀၀ ရာခိုင်နှုန်းရလိုပါက အပြတ်ရှင်း အပြုတ်ရှင်းနည်းသာရှိပြီး အခွင့်အရေးလိုချင်သူများအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည်ကို တောင်းရန်လိုသလို အခွင့်အရေးကိုပေးမည့်သူများက ဥပဒေစာအုပ်ကိုကိုင်ပြီး ပုလိပ်စစ်စစ်နေ၍ မဖြစ်နိုင်ဟုဆို

ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အလျှော့အတင်းနှင့် တကယ့်ကို ငြိမ်းချမ်းလိုသည့် ဆန္ဒနှင့်သွားမှဖြစ်နိုင်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်က ကျင်းပသည့် NCA (၁၀)နှစ်ပြည့် အခမ်းအနားနှင့်ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းချက်များ ပြန်လည်ဖြေကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆောင်ရွက်တဲ့နေရာမှာပေါ့နော်၊ ဒီအခွင့်အရေးကိုလိုချင်တဲ့သူတွေကလည်း ရသင့်ရထိုက်တာ၊ ဖြစ်သင့်ဖြစ်ထိုက် တာကို တောင်းဖို့လိုသလို၊ အခွင့်အရေးကိုပေးမယ့်သူတွေကလည်း ဥပဒေစာအုပ်ကိုကိုင်ပြီး ပုလိပ်စစ်စစ်နေလို့တော့မဖြစ်နိုင်ဘူး။ ဥပဒေစာအုပ်ကို လှန်ကြည့်ပြီး ဒါနဲ့မညီဘူး၊ ဟိုဟာနဲ့ မညီဘူးဆိုပြီး ပုလိပ်စစ်စစ်နေလို့ကတော့ မဖြစ်နိုင်ဘူး။ ဒါတွေသည် အလျှော့အတင်းနဲ့၊ တကယ့်ကို ငြိမ်းချမ်းလိုတဲ့ ဆန္ဒနဲ့သွားမှဖြစ်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည့်နေရာတွင် အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှုများ အမျိုးမျိုးရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့မှတ်ထားရမှာက နိုင်ငံရေးမှာ အဆိုအမိန့်တစ်ရပ်ရှိတယ်။ နိုင်ငံရေးဆိုတာ ကွက်လပ်ကို မုန်းတယ်။ နိုင်ငံရေးဆိုတာလေဟာနယ်ကို မုန်းတယ်တဲ့။ နိုင်ငံရေးမှာ ကွက်လပ်မထားရဘူး။ နိုင်ငံရေးမှာ ဆန္ဒတစ်စုံတစ်ရာကို ဖြည့်ဆည်းမပေးနိုင်လို့ရှိရင် အဲ့ဒီဆန္ဒတစ်စုံတစ်ရာ ကွက်လပ်ကို အကြောက်တရားက ဖြည့်ပေးတယ်။ အခုကျွန်တော်တို့နိုင်ငံမှာ ဘာဖြစ်နေလဲ။ ဒီလိုပဲ ငြိမ်းချမ်းရေးမှာလည်း ကွက်လပ်တစ်စုံတစ်ရာ မရှိသင့်ဘူး” ဟု ပြောကြားသည်။

နိုင်ငံရေးတွင်လည်း ကွက်လပ်မရှိရန် ကြိုစားဆောင်ရွက်မည်ဖြစ်သလို ငြိမ်းချမ်းရေးတွင်လည်း ကွက်လပ်မရှိရန် မိမိတို့ ကြိုးစားဆောင်ရွက်သင့်သည်ဟု မြင်ပါကြောင်း၊ နိုင်ငံရေး၌ ကွက်လပ်မရှိရန်အတွက် ဒီမိုကရေစီစနစ်ကို ပြန်လည် အကောင်အထည်ဖော်နိုင်ရန် ရွေးကောက်ပွဲဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ရွေးကောက်ပွဲသည် အလုံးစုံအတွက် အဖြေမဟုတ်ဘူးဆိုတာ သိပါတယ်။ ငြိမ်းချမ်းရေးနဲ့လည်း တွဲရမှာဖြစ်ပါတယ်။ အဲ့တော့ ငြိမ်းချမ်းရေးမှာ ကွက်လပ်တစ်စုံ တစ်ရာမရှိဖို့ ဘာလိုတုန်းဆိုတော့ အမြဲတမ်းတွေ့ဆုံနေဖို့။ အမြဲတမ်းဆွေးနွေးနေဖို့။ အောင်မြင်တဲ့ အကောင်အထည်ဖော်နိုင်ဖို့ လိုမယ်လို့ထင်တယ်။ ဟုတ်ပြီ။ အမြဲတမ်းတွေ့ဆုံဖို့ အမြဲတမ်းဆွေးနွေးဖို့ အောင်မြင်တဲ့အကောင်အထည်ဖော်နိုင်ဖို့ဆိုတာသည် ငြိမ်းချမ်းရေးဆိုတာ ရာခိုင်နှုန်း ဘယ်သောအခါမှ စတင်ဆွေးနွေးကတည်းကအတိုင်းတော့ မိမိလိုအင်ဆန္ဒမရနိုင်ဘူး။ ၁၀၀ ရာခိုင်နှုန်းရဖို့ဆိုရင်တော့ အပြတ်ရှင်း၊ အပြုတ်ရှင်းနည်းပဲရှိတယ်။ ဒါနဲ့တင် နှစ်ပေါင်းဘယ်လောက်ကြာပြီလဲဆိုတာလည်း ကျွန်တော်တို့ တွေ့နိုင်တာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

NCA စာချုပ်နှင့်ပတ်သက်ပြီးလည်း ဝေဖန်နေခြင်းနှင့် ကြေညာချက်ထုတ်နေခြင်းများ အမျိုးမျိုးရှိသော်လည်း NCA စာချုပ် စတင်ဖြစ်ပေါ်လာခြင်းသည် တိုင်းရင်းသားများ၊ EAO များ အရင်ဆွေးနွေးပြီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ခင်ဗျားတို့၊ ကျွန်တော်တို့သိခဲ့ပြီးတဲ့အတိုင်းပဲ လိုင်ဇာမှာ လုပ်ခဲ့တယ်။ လော်ခီလာ မှာလုပ်ခဲ့တယ်။ ဒါက တိုင်းရင်းသားနယ်မြေမှာ လုပ်ခဲ့တာ၊ ကချင် KIA နယ်မြေမှာလုပ်ခဲ့တာ။ KNU နယ်မြေမှာလုပ်ခဲ့တာ။ လုပ်ပြီးမှ ဒီ NCA စာချုပ်ဖြစ်ပေါ်လာတာ။ အဲဒီသဘောတူညီချက်နဲ့လုပ်ခဲ့တာဖြစ်တယ်။ အခုချိန်မှာပြောနေတာတွေက NCA စာချုပ်နဲ့ပတ်သက်ပြီး NCA စာချုပ်ကိုစက္ကူစုတ်တစ်ခုလို ပြောနေတာတွေက အဓိပ္ပါယ်ရှိရဲ့လားလို့ ကျွန်တော်တို့ ပြန်လည်စဉ်းစားရမယ်။ ဒီ NCA စာချုပ် ထက်ပိုပြီးပြည့်စုံတဲ့အရာ ပေါ်လာနိုင်စရာအကြောင်း မရှိဘူးဆိုတာ ဒါအကြောင်းမဲ့ ပြောသွားတာမဟုတ်ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ခံယူထားရမှာက မသိတာထက်၊ သိတာ ပိုကောင်းပါတယ်။ ဒီအချိန်မှာ။ မရှိတာထက်၊ ရှိတာပိုကောင်းတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် မိမိတို့ မြန်မာနိုင်ငံ၌ တော်လှန်ရေးဆိုသည့် အရာများ၊ ဆန့်ကျင်ရေးဆိုသည့် အရာများကြောင့် စာသင်ကျောင်းများ အကန့်အသတ်မရှိ ပိတ်လိုက်သည်ဆိုပါက နိုင်ငံနှင့် ပြည်သူအားလုံးအတွက် နစ်နာမှုဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“တော်လှန်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်ပြောမယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်ဆန့်ကျင်ဘက်စကားလည်း မပြောဘူး။ တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ထောက်ခံတဲ့စကားလည်း မပြောဘူး။ သို့သော် တကယ့်တကယ် တော်လှန်ရေး ဆိုတဲ့အယူအဆတွေ ခေတ်စားလာတယ်ပေါ့။ တော်တော့်ကို ပြင်းပြင်းထန်ထန် ခေတ်စားလာတဲ့ ၁၉၅၀ ပြည့်နှစ်က စကားတစ်ခုကို ကျွန်တော်ပြောပြမယ်။ တော်လှန်ရေးကို ဖန်တီးခြင်းဖြင့် တော်လှန်ရေးကိုဖန်တီးပြီး တော်လှန်ရေးကို သင်ယူခြင်းဖြင့် တော်လှန်ရေးကို လုပ်ကြပါဆိုတဲ့ စကားစဖူးတယ်။ သို့သော် နောက်ဆက်တွဲက ဘာပြောရမလဲ။ ခုနကပြောတဲ့ တော်လှန်ရေးကို ဖော်ဆောင်ခြင်းဖြင့် တော်လှန်ရေးကိုသင်ယူကြဆိုတဲ့ စကားရပ်ကို အကောင်အထည်ဖော်ရင်း စာသင်ကျောင်းတွေ အကန့်အသတ်မရှိ ပိတ်လိုက်ရမှာတော့ စိုးရိမ်ပါတယ်တဲ့။ ဒါနိုင်ငံကျော်စကားတစ်ခုပါ။ အဲ့ဒီတော့ အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘာဖြစ်နေလဲ။ တော်လှန်ရေးဆိုတဲ့ဟာတွေ၊ ဆန့်ကျင်ရေးဆိုတဲ့ဟာတွေကြောင့်မို့လို့ စာသင်ကျောင်းတွေ အကန့်အသတ်မရှိ ပိတ်လိုက်ရတယ်ဆိုရင် မကောင်းပါဘူး။ ဒါဟာ နိုင်ငံအတွက် နစ်နာမှုဖြစ်ပါတယ်။ ပြည်သူအားလုံးအတွက် နစ်နာမှုဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မည့်သည့်အရာများကို ဆောင်ရွက်ကြသည်ဖြစ်စေ အခြေခံအဆောက်အဦများ၊ မိမိနိုင်ငံတွင် ရှိသင့်သည့် အခြေခံ ကျင့်ဝတ်တရားများ၊ အခြေခံပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများကို မထိခိုက်ရန်လိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီ NCA စာချုပ်သည် နိုင်ငံတကာအသိသက်သေတွေရှေ့မှာ အားလုံးက EAO တွေရဲ့ သဘောတူညီချက်ပေါ့နော်၊ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် သူတို့ပြောသလိုပဲ NCA စာချုပ်က စက္ကူစုတ်တစ်ခုဖြစ်သွားစရာလည်း အကြောင်းမရှိဘူး။ ဒီအဖွဲ့အစည်းတွေရှိနေသမျှ ကာလပတ်လုံး NCA စာချုပ်၊ NCA ရဲ့ ကတိပြုချက်က ရှိနေတာဖြစ်မယ်။ NCA ဆိုတာသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့၊ ငြိမ်းချမ်းရေး ဆိုတဲ့ဟာတစ်ခုတည်းနဲ့တင် မဟုတ်ပါဘူး။ သူသည် နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည် တည်ဆောက်ရေးအထိပါတဲ့အတွက် သူတို့လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဒီလုပ်ငန်းစဉ်တွေသည် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီးသည် ခုနကကျွန်တော်ပြောသလို မရှိတာထက်၊ ရှိတဲ့ဟာက ပိုကောင်းတယ်။ ရှိပြီးသားဟာ အပေါ်မှာပဲ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုပြုပြင်မွမ်းမံကြမလဲဆိုတာကို တွေးခေါ်ကြံဆဖို့အတွက် ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားဒေသနှင့်ပတ်သက်ပြီး ဆွေးနွေးနေခြင်းများရှိကြောင်း၊ မြန်မာပြည်အရှေ့မြောက်ဘက် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီးလည်း ဆွေးနွေးနေခြင်းများပြီး  အချို့သော ကြားဝင်စေ့စပ်နေခြင်းနှင့် ဆွေးနွေးနေခြင်းများ ရှိကြောင်း၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မိမိတို့အစိုးရအနေနှင့် စဉ်ဆက်မပြတ် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး နောက်ဆုံးအခြေအနေများအပေါ် မည်သို့ပြောကြားချင်ပါသလဲဆိုသည့် မေးမြန်းမှုကို “လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး NCA နှစ်ပတ်လည်နေ့မှာ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်ခဏခဏပြောခဲ့တယ်။ အရင်ကတည်းက ပြောခဲ့တယ်။ ကျွန်တော်တို့အထဲမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ဘယ်သူသေသေ မြန်မာသေတာပဲ။ ဘယ်တိုင်းရင်းသားသေသေ မြန်မာသေတာပဲ။ ဘယ်သူမှ ဘယ်သူသေလို့မို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်နေစရာမရှိဘူး။ ဘယ်သူဆုံးရှုံးလို့မလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေစရာ အကြောင်းမရှိဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသည်။

စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ပြောရမည်ဆိုပါက ယခင်ကထက်ပိုမို ကောင်းမွန်လာပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်လာပြီးလည်း ယခင်ကထက် မျှော်လင့်ချက် ပိုမိုရှိလာပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent