ဘော်စတွန်မြို့မှာ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို ရွှေ့ပြောင်းပစ်နိုင်ကြောင်း ဒေါ်နယ်ထရန့် ပြောကြား

ဘော်စတွန်မြို့မှာ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို ရွှေ့ပြောင်းပစ်နိုင်ကြောင်း ဒေါ်နယ်ထရန့် ပြောကြား
Photo: X
Photo: X
Published 15 October 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဘော်စတွန်မြို့မှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေကို ရွှေ့ပြောင်းပစ်နိုင်ကြောင်း ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ (၃)နိုင်ငံ ပူးပွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပေမဲ့ အမေရိကန်နိုင်ငံက ပွဲအများဆုံးလက်ခံကျင်းပသွားမှာပါ။

ကနေဒါနိုင်ငံက မြို့နှစ်မြို့၊ မက္ကဆီကိုနိုင်ငံက မြို့သုံးမြို့နဲ့ အမေရိကန်နိုင်ငံက မြို့(၁၁)မြို့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဘော်စတွန်မြို့မှာ (၇)ပွဲ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဘော်စတွန်မှာ ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မြို့တော်ဝန်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံအပေါ် ဒေါ်နယ်ထရန့်က စိတ်တိုင်းကျခြင်းမရှိတာကြောင့် အခုလိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

''ကျွန်တော်တို့ အဲဒီက ပွဲတွေကို ရွှေ့ပြောင်းပစ်နိုင်ပါတယ်။ ကျွန်တော် ဘော်စတွန်က လူတွေကို ချစ်ပါတယ်။ အဲဒီကပွဲတွေအားလုံး လက်မှတ်ရောင်းကုန်သွားပြီဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ မြို့တော်ဝန်က မကောင်းပါဘူး'' လို့ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရန့်က အစောပိုင်းတုန်းကလည်း လုံခြုံရေးအရ စိတ်မချရဘူးလို့ထင်ရင် ကမ္ဘာ့ဖလားပွဲတွေကို အပြောင်းအလဲလုပ်နိုင်ကြောင်း ပြောကြားခဲ့ဖူးပြီး ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကို ပြောလိုက်ရင် လွယ်လွယ်ကူကူလုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။

 

Most Read

Most Recent