■ အတွင်းတိမ်ရောဂါ၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရေတိမ်ရောဂါနှင့် ဆီးချို သွေးတိုးရောဂါများကြောင့် မျက်စိမမြင်ခြင်း ဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား

■ အတွင်းတိမ်ရောဂါ၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရေတိမ်ရောဂါနှင့် ဆီးချို သွေးတိုးရောဂါများကြောင့် မျက်စိမမြင်ခြင်း ဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား
Published 11 October 2025

အတွင်းတိမ်ရောဂါ၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရေတိမ်ရောဂါနှင့် ဆီးချို သွေးတိုးရောဂါများကြောင့် မျက်စိမမြင်ခြင်း ဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။

အောက်တိုဘာ ၁၀ ရက်က “၂၀၂၅ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်-၄ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းဖော်ပြချက်အရ ကမ္ဘာပေါ်ရှိ လူဦးရေ တစ်ဘီလျံခန့်သည် အမြင်အာရုံထိခိုက်မှု ခံစားနေကြရပြီး ၉၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြောင်း၊ အမြင်အာရုံထိခိုက်မှု၏ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင်  မျက်စိမမြင်ခြင်းကို ဖြစ်စေနိုင်သော ရောဂါများအနေဖြင့် အတွင်းတိမ်ရောဂါ၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရေတိမ်ရောဂါနှင့် ဆီးချို သွေးတိုးရောဂါတို့ကြောင့် ဖြစ်စေနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင်  မျက်ခမ်းစပ်ရောဂါ ကင်းဝေးစေကြောင်း (Trachoma Elimination in Myanmar) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကြေငြာပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် မျက်ခမ်းစပ်ကဲ့သို့ ကူးစက်နိုင်သော မျက်စိရောဂါများ လျော့နည်းသွားသော်လည်း  ဆီးချို၊ သွေးတိုးရောဂါများ၏ နောက်ဆက်တွဲ မျက်စိရောဂါပြဿနာများ ဦးမော့မလာစေရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် က‌လေးငယ်များ မျက်စိကျန်းမာရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များတွင် မျက်စိကျန်းမာရေးစစ်ဆေးခြင်းကို ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း၊  မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မျက်စိရောဂါဖြစ်သော အတွင်းတိမ်ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် အတွင်းတိမ်ခွဲစိတ်ခြင်းကို ဆေးရုံများ၌သာမက ကွင်းဆင်ကုသမှုအနေဖြင့် ကွင်းဆင်းအတွင်းတိမ်ခွဲစိတ်ခြင်း (Outreach Cataract Surgery) ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်သည် “Love Your Eyes” “အမြင်အာရုံ ကောင်းစေဖို့ အသိပညာမျှဝေလို့ မျက်စိကျန်းမာရေးအလေးပေးစို့” ဖြစ်ကြောင်း၊ မျက်စိကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ရရှိလာစေရေးအတွက် အတွေ့အကြုံများကို မျှဝေပေးခြင်းဖြင့် လူတစ်ဦးချင်းစီတိုင်း အမြင်အာရုံကို ဦးစား‌ပေးတန်ဖိုးထားတတ်ပြီး ပုံမှန်မျက်စိစစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်းများအား ပြုလုပ်လာစေရေး၊ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီစွာ ရရှိစေရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုပြီး မျက်စိကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် မျက်မှန်များထောက်ပံ့ပေခြင်းအစီအစဉ် ဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent