အယ်လ်ဂျီးရီးယားအသင်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်

အယ်လ်ဂျီးရီးယားအသင်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်
Photo: X
Photo: X
Published 10 October 2025

အယ်လ်ဂျီးရီးယားအသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆိုမာလီယာအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အယ်လ်ဂျီးရီးယားအသင်းဟာ အာဖရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(G)မှာ ပွဲမကုန်ခင် အုပ်စုပထမနေရာရရှိဖို့ သေချာသွားခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး အသင်းရဲ့သမိုင်းတစ်လျှောက် (၅)ကြိမ်မြောက် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။

အယ်လ်ဂျီးရီးယားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ အဖြေထွက်တဲ့ အသင်း(၂၀)မြောက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး တခြားအသင်းတွေကတော့ အိမ်ရှင်တွေဖြစ်တဲ့ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်၊ ခြေစစ်ပွဲအောင်မြင်တဲ့ ဂျပန်၊ နယူးဇီလန်၊ အီရန်၊ အာဂျင်တီးနား၊ ဥဇဘက်ကစ္စတန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်၊ သြစတြေးလျ၊ ဘရာဇီးလ်၊ အီကွေဒေါ၊ ဥရုဂွေး၊ ကိုလံဘီယာ၊ ပါရာဂွေး၊ မော်ရိုကို၊ တူနီးရှားနဲ့ အီဂျစ်တို့ ဖြစ်ပါတယ်။

အီဂျစ်ကလည်း အောက်တိုဘာ(၈)ရက်မှာမှ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး အခုလခြေစစ်ပွဲတွေမှာ နောက်ထပ် အနည်းဆုံး(၇)သင်း ခြေစစ်ပွဲအောင်မြင်ဖို့ ရှိနေကြောင်းလည်း သိရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်း(၄၈)သင်း ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်တာကြောင့် လက်ရှိအချိ်န်မှာ ယှဉ်ပြိုင်ခွင့်ရရှိတဲ့အသင်းက တစ်ဝက်မပြည့်သေးပါဘူး။

Most Read

Most Recent