တာလီဘန်အာဏာပိုင်များက ဖိုင်ဘာဆက်သွယ်ရေးကွန်ရက်ကို ဖြတ်တောက်ပစ်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံတွင် စက်တင်ဘာ ၃၀ ရက်က အင်တာနက်နှင့် မိုဘိုင်းဖုန်း ဝန်ဆောင်မှုတို့ မရှိသည့် ဒုတိယမြောက်နေ့ကို ရင်ဆိုင်ခဲ့ရသည်။
တာလီဘန်အာဏာပိုင်တို့က မကောင်းမှုဒုစရိုက်တို့ကို တားဆီးရန် ယခုလစောစောပိုင်းတွင် ပြည်နယ်အချို့၌ မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်ရေးများကို စတင်ဖြတ်တောက်ခဲ့သည်။
စက်တင်ဘာ ၂၉ ရက်ညပိုင်းတွင် မိုဘိုင်းဖုန်းလိုင်းနှင့် အင်တာနက် ဝန်ဆောင်မှုတို့သည် ပုံမှန်အနေအထား၏ တစ်ရာခိုင်နှုန်းပင် မရှိတော့သည်အထိ တဖြည်းဖြည်းအားနည်းသွားခဲ့သည်ဟု အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ Net Blocks ၏ ထုတ်ပြန်ချက်အရ သိရသည်။
တာလီဘန်အစိုးရက ၎င်းတို့၏ ပုန်ကန်မှု အောင်ပွဲရခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးပြတ်တောက်မှုဖြစ်သည်။ တာလီဘန်အစိုးရသည် ဆက်သွယ်ရေးများကို နိုင်ငံတွင်း၌ ပိတ်ထားသော တင်းကျပ်သည့် အစ္စလာမ်မစ် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
“ဖုန်းတွေနဲ့ အင်တာနက်မရှိတဲ့အခါ ကျွန်တော်တို့က မျက်စိကန်းသူတွေဖြစ်ကုန်ပါတယ်” ဟု ကဘူးလ်မြို့က အသက် ၄၂ နှစ်အရွယ် ဈေးဆိုင်ပိုင်ရှင် နာဂျီဘူလာက ပြောကြားသည်။
“ကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်း အားလုံးဟာ မိုဘိုင်းဖုန်းတွေကို အားထားနေ ရတာပါ။ ပစ္စည်းပို့ဆောင်တာတွေဟာလည်း ဖုန်းတွေနဲ့ပဲ လုပ်ရတာဖြစ်ပါတယ်။ အားလပ် ရက်နဲ့ဆင်တူနေပါတယ်။ လူတိုင်းဟာ အိမ် မှာပဲရှိနေကြတာပါ။ ဈေးဟာ လုံးဝ အရောင်း အဝယ်မရှိပါဘူး” ဟု သူက ပြောကြားခဲ့သည်။
ဆက်သွယ်ရေးလိုင်းများကို မဖြတ်တောက်မီ မိနစ်ပိုင်းအလိုတွင် အစိုးရတာဝန်ရှိသူတစ်ဦးက AFP ကို ပြောကြားရာ၌ ဖိုက်ဘာဆက်ကြောင်းလိုင်းကို ဖြတ်တောက်မည်ဟု သတိပေးခဲ့ပြီး ယင်းသို့ဖြတ်တောက်ခြင်း ကြောင့် မိုဘိုင်းဖုန်း ဝန်ဆောင်မှုများကိုလည်း သက်ရောက်မည်ဟု ဆိုခဲ့သည်။
“ဆက်သွယ်ရေး တာဝါတိုင် ရှစ်ထောင်ကနေ ကိုးထောင်ဟာ ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး လိုင်းဖြတ်ထားမှုသည် နောက်ထပ် ကြေညာချက် ထွက်မလာမီအချိန်ထိ ကြာလိမ့်မည်ဟု ဆိုသည်။
“ဆက်သွယ်ဖို့ အခြားနည်းလမ်း ဒါမှမဟုတ် အခြားစနစ် မရှိပါဘူး။ ဘဏ်လုပ်ငန်း၊ အကောက်ခွန် စသဖြင့် နိုင်ငံတစ်ဝန်းက အရာအားလုံးကို သက်ရောက်ပါလိမ့်မယ်” ဟု အမည်မဖော်လိုသူ တာဝန်ရှိသူက ပြော ကြားခဲ့သည်။
ဆိုက်ဘာလုံခြုံရေးနှင့် အင်တာနက် ထိန်းကျောင်းမှုကို စောင့်ကြည့်နေသော အဖွဲ့အစည်းဖြစ်သည့် Net Blocks က ပြောကြားရာတွင် “ပြတ်တောက်တာဟာ ဆက်သွယ်ရေးဝန်ဆောင်မှုကို တမင်ဖြတ်တောက်ထားပုံရပါတယ်” ဟု ဆိုသည်။
AFP သတင်းဌာနသည် စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် မြို့တော်ကဘူးလ်ရှိ AFP သတင်းဗျုရိုနှင့် ဆက်သွယ်ရေးအားလုံး ပြတ်တောက်သွားသည်ဟု ဆိုသည်။
“ဆက်သွယ်ရေးအားလုံးကို ပိတ်ချလိုက်တာကြောင့် ကဘူးလ်မှာရှိတဲ့ ကျွန်တော့်ရဲ့မိသားစုနဲ့ လုံးဝ အဆက်အသွယ်မရတော့ပါဘူး” ဟု အိုမန်ကို ရောက်နေသည့် အသက် ၄၀ နှစ်အရွယ် အာဖဂန်တစ်ဦးက ပြောသည်။
“ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်တော် မသိရပါဘူး။ တကယ်စိုးရိမ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အထူးသဖြင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ အကန့်အသတ်ရှိနေသာ နိုင်ငံများတွင် ဖိုင်ဘာလိုင်းများကို ဝေမျှအသုံးပြုသောကြောင့် တယ်လီဖုန်း ဝန်ဆောင်မှုများကို အင်တာနက်ဖြင့် အသုံးပြုသည်။ အင်တာနက် ဆက်သွယ်ရေးများ နှေးနေသည်မှာ ကြာပြီဟု ဆိုသည်။
Ref: AFP














