အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းသည် ၎င်း၏ နယ်မြေအားလုံးကို ရုရှားထံမှ ပြန်လည်ရရှိနိုင်သည်ဟု စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့ရာ ယင်းသို့ ပြောကြားလိုက်ခြင်းသည် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးနှင့် တွေ့ဆုံခဲ့ပြီးနောက် စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန်သမ္မတ၏ အံ့အားသင့်စရာ သဘောထားအမြင် ပြောင်းလဲမှုဖြစ်သည်။
အီးယူနှင့် နေတိုးတို့ထံမှ ငွေကြေးပံ့ပိုးမှုများနှင့်အတူ ယူကရိန်း အနိုင်ရနိုင်ကြောင်း ထရန့် ပြောဆိုမှုသည် ယူကရိန်းအနေဖြင့် အိမ်နီးချင်းနိုင်ငံကြီးရုရှားကို ပိုင်နက်နယ်မြေများ ပေးရနိုင်သည်ဟု လပေါင်းများစွာ ပြောဆိုခဲ့ပြီးနောက် ထူးခြားသည့်သဘောထားပြောင်းလဲမှုဖြစ်သည်။
ထရန့်၏ ပြောစကားများကို အပြောင်းအလဲကြီးတစ်ရပ်အဖြစ် ဇယ်လန်းစကီးက ချီးကျူးခဲ့သည်။
ရုရှားကို ခပ်ထေ့ထေ့ ပြောခဲ့ရာ၌ ထရန့်က နေတိုးမဟာမိတ်နိုင်ငံများ၏ ဝေဟင်ပိုင်နက်များကို ချိုးဖောက်ဝင်ရောက်လာသည့် မည်သည့်ရုရှားတိုက်လေယာဉ်ကိုမဆို ပစ်ချရန်လည်း နေတိုးနိုင်ငံများကို တောင်းဆိုခဲ့သည်။
"ဥရောပသမဂ္ဂရဲ့ အကူအညီနဲ့ ယူကရိန်းဟာ တိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိနေပြီး ယူကရိန်းဟာ သူ့နယ်မြေအားလုံးကို မူလပုံစံအတိုင်း ပြန်ယူနိုင်မယ်လို့ထင်ပါတယ်"ဟု ကုလသမဂ္ဂတွင် ဇယ်လန်းစကီးနှင့် တွေ့ဆုံခဲ့ပြီးနောက် ထရန့်က Truth Social Post တွင် ဖော်ပြခဲ့သည်။
ယူကရိန်းသည် နိုင်ငံ၏ မူလပုံစံကို ပြန်လည်ရယူနိုင်စွမ်းရှိနေသည့်အပြင် ယူကရိန်းအနေဖြင့် ထို့ထက်မကတောင် လုပ်ပြနိုင်သည်ဟု ထရန့်က ဖြည့်စွက်ဖော်ပြခဲ့သည်ဆိုသော်လည်း ရည်ရွယ်ပြောဆိုခဲ့သည့် ယူကရိန်း နောက်ထပ်လုပ်ပြနိုင်သည်ဆိုသော အကြောင်းအရာကို ထရန့်က အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိပေ။
ထရန့်၏ အထက်ပါပြောစကားများက ယူကရိန်းနှင့် ပတ်သက်၍ ဆက်တိုက်သဘောထားပြောင်းလာသည်ဆိုခြင်းကို သက်သေပြနေသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ယခုနှစ် အစပိုင်းတွင် ထရန့်ပြောခဲ့သော စကားက မဟာမိတ်များကို အံ့အားသင့်စေခဲ့သည်။
ထရန့်သည် ဖေဖော်ဝါရီလတုန်းက သမ္မတရုံး၌ ဇယ်လန်းစကီးနှင့်တွေ့ဆုံခဲ့ရာတွင် စကားအခြေအတင်ဖြစ်ခဲ့ပြီး ယူကရိန်းကို ထောက်ပံ့ရန် ဟက်ဟက်ပက်ပက်မရှိကြောင်း ပြသခဲ့ကာ ယူကရိန်းသည် ရုရှားကို အနိုင်တိုက်နိုင်သည့် နိုင်ဖဲ မရှိဟု ဆိုခဲ့သည်။
ဩဂုတ် ၁၅ ရက်တွင် အလာစကာ၌ ပူတင်နှင့်တွေ့ဆုံခဲ့ရာတွင် အောင်မြင်သည့် အဖြေတစ်ရပ် ထွက်မလာခြင်းကို ပိုမိုစိတ်ပျက်လာခြင်းကြောင့် ထရန့်သည် သဘောထားပြောင်းလာခြင်းဖြစ်သည်။ အလာစကာတွေ့ဆုံပွဲအပြီးတွင် ရုရှားက ယူကရိန်းကို တိုက်ခိုက်မှုများ ပိုလုပ်လာခြင်းကလည်း ထရန့်ကို စိတ်ပျက်စေခဲ့သည်။
ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက် မိမိနှင့် ပူတင်တို့၏ ခင်မင်ရင်းနှီးမှုကို အားထားခဲ့သည်ဆိုသော်လည်း ကံမကောင်းစွာဘဲ ထိုဆက်ဆံရေးက မည်သည့်အဓိပ္ပာယ်မျှမရှိဟု စက်တင်ဘာ ၂၃ ရက်တွင် ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ရုရှား၌ စီးပွားရေးပြဿနာများ ဖြစ်ပေါ်နေသည်ကို မြင်ရပြီးနောက် ယူကရိန်းနှင့်ရုရှားတို့၏ စီးပွားရေးနှင့် စစ်ရေးအခြေအနေတို့ကို အပြည့်အဝ နားလည်သိရှိခဲ့သဖြင့် စစ်ပွဲနှင့်ပတ်သက်၍ မိမိသည် အမြင်များ ပြောင်းလဲသွားခဲ့သည်ဟု ဆိုရှယ်မီဒီယာပို့စ်တွင် ထရန့်က ဖော်ပြခဲ့သည်။
"ပူတင်နဲ့ ရုရှားနိုင်ငံဟာ စီးပွားရေးပြဿနာအကြီးကြီး ဖြစ်ပေါ်နေပါတယ်။ အဲဒါဟာ ယူကရိန်းတို့ လုပ်ပြဖို့ အချိန်ပါပဲ"ဟု ထရန့်က ဖော်ပြခဲ့သည်။
Ref: AFP
Photos: AFP














