■ ထိုင်းနိုင်ငံတွင် မိန်းမနှင့် ရန်ဖြစ်ပြီးနောက် ATM စက် ဖြုတ်ခိုးသည့် နယ်သာလန်နိုင်ငံသား ဖမ်းဆီးခံရ

■ ထိုင်းနိုင်ငံတွင် မိန်းမနှင့် ရန်ဖြစ်ပြီးနောက် ATM စက် ဖြုတ်ခိုးသည့် နယ်သာလန်နိုင်ငံသား ဖမ်းဆီးခံရ
Published 22 September 2025

ထိုင်းနိုင်ငံတွင် မိန်းမနှင့် ရန်ဖြစ်ပြီးနောက် ATM စက် ဖြုတ်ခိုးသည့် နယ်သာလန်နိုင်ငံသား ဖမ်းဆီးခံရသည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ Ban Thum ခရိုင် မာလီဝမ်လမ်းရှိ စရီဆာဝပ် စတိုးဆိုင်အပြင်ဘက်ရှိ Siam Commercial ဘဏ်၏ ATM စက်အား ဖြုတ်ခိုးခဲ့ခြင်းဖြစ်ပြီး ခိုးယူသူမှာ အသက် ၆၀ အရွယ်ရှိ နယ်သာလန်နိုင်ငံသား Mr. S ဆိုသူဖြစ်သည်ဟု သိရသည်။

၎င်းမှာ ထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ ခြောက်နှစ်ခန့်ရှိကာ အသက် ၃၇ နှစ်အရွယ် ထိုင်းနိုင်ငံသူဇနီးဖြစ်သူကို ဘတ် ၁၀ သန်းပေးပြီး စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း၊ အခင်းမဖြစ်မီတွင် ဇနီးဖြစ်သူနှင့် ငွေကြေးကိစ္စစကားများ ရန်ဖြစ်ခဲ့သည်ဟု သိရသည်။

ယင်းနယ်သာလန်နိုင်ငံသားမှာ ၎င်း၏ Mazda ပစ်ကပ် အနက်ရောင်ယာဉ်နောက်တွင် သံကြိုးများဖြင့် ချိတ်ပြီး ATM စက်ကို ဆွဲယူလာခြင်းဖြစ်ကာ လုံခြုံရေးကင်မရာမှတစ်ဆင့် ရဲတပ်ဖွဲ့ဝင်များက ခြေရာခံနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ထူးထူးဆန်းဆန်း ခိုးယူမှုမှာ ငွေကြေးဆိုင်ရာ ဖိအားများကြောင့်ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က သုံးသပ်ထားပြီး စားသောက်ဆိုင်မှာလည်း အောင်မြင်ခြင်းမရှိကြောင်း၊ မိန်းမဖြစ်သူက ၎င်း၏ ခင်ပွန်းမှာ သူငယ်ချင်းများဆီ အလည်သွားမည်ဟုသာ သိရှိထားပြီး ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးချိန်အထိ မသိရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

“မိန်းမက ခင်ပွန်းဘာဖြစ်တယ်ဆိုတာကို မသိဘူး။ ငါတို့က ဆက်သွယ်မှ ATM စက် ခိုးလာမှန်းသိတာ” ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ပြောကြားသည်။

မှုခင်းအဖွဲ့များက ခိုးယူခံရသည့် ATM စက်နှင့် ပစ်ကပ်ကားပေါ်မှ လက်ဗွေရာများကို စုဆောင်းခဲ့ပြီး Siam Commercial ဘဏ်ကိုယ်စားလှယ်က အမှုဖွင့်ထားကြောင်း၊ နယ်သာလန်နိုင်ငံသားမှာ ခိုးမှု၊ ပစ္စည်းပျက်စီးမှု အစရှိသည့်အမှုများဖြင့် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent