ဂါဇာစစ်ပွဲကြောင့် အစ္စရေးကို နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ခွင့်မပြုရန် စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က စက်တင်ဘာ ၁၅ ရက်တွင် တောင်းဆိုလိုက်သည်။
ဝန်ကြီးချုပ်က ၎င်း၏ ဆိုရှယ်လစ်အလုပ်သမားပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်များအား မိန့်ခွန်းပြောကြားမှုတွင် "အစ္စရေးက သူ့ရဲ့ပုံရိပ်ကို ဖုံးဖိဖာထေးဖို့ နိုင်ငံတကာ ပလက်ဖောင်းတွေကို ဆက်ပြီးအသုံးမပြုသင့်တော့ဘူး" ဟု ထည့်ပြောခဲ့သည်။
ထို့ပြင် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားကို ပြုမူဆက်ဆံခဲ့သည့်အတိုင်း အစ္စရေးကိုလည်း ဆက်ဆံသင့်သည်ဟု စပိန်ဝန်ကြီးချုပ်က ဆိုသည်။
မက်ဒရစ်မြို့တွင် ပါလက်စတိုင်း ထောက်ခံဆန္ဒပြပွဲများကြောင့် အစ္စရေးအသင်း ပါဝင်ယှဉ်ပြိုင်သည့် စက်ဘီးစီးပြိုင်ပွဲတစ်ခု၏ နောက်ဆုံးအဆင့်ကို ဖျက်သိမ်းလိုက်ရပြီး ယင်းဆန္ဒပြမှုများဖြစ်လာအောင် စပိန်ဝန်ကြီးချုပ်က လှုံ့ဆော်ခဲ့သူဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယန်ဆာက ပြစ်တင်ခဲ့သည်။ တရားဝင်ထုတ်ပြန်ချက်များအရ ဆန္ဒပြပွဲတွင် လူပေါင်း ၁၀၀,၀၀၀ ခန့် ပါဝင်ခဲ့သည်။
စပိန်ယဉ်ကျေးမှုဝန်ကြီးကလည်း နောက်နှစ်ကျင်းပမည့် ယူရိုဗစ်ရှင်း ဥရောပသီချင်းဆိုပြိုင်ပွဲတွင် အစ္စရေးမပါသင့်တော့ဟု ပြောဆိုလာပြီဖြစ်သည်။
အိုင်ယာလန်နှင့် နယ်သာလန်ရုပ်သံများကမူ ယူရိုဗစ်ရှင်းပြိုင်ပွဲတွင် အစ္စရေးဆက်ပါနေမည်ဆိုပါက ၎င်းတို့နိုင်ငံများ ဝင်မပြိုင်တော့ဟု ကြေညာထားပြီးဖြစ်သည်။
ဂါဇာတွင် အရပ်သားများသေဆုံးနေမှုကို စိုးရိမ်ကြောင်း စပိန်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပြီးနောက်ပိုင်း၊ စပိန်အစိုးရအရာရှိအချို့က အစ္စရေးနှင့် သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ရန် တောင်းဆိုလိုက်ပြီးနောက်ပိုင်း ၂၀၂၃ နှောင်းပိုင်းမှစတင်ကာ နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းလာခဲ့သည်။
Ref: BBC
Photos: AP














