■ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို တရုတ်ယွမ်ငွေဖြင့် ပြုလုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

■ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို တရုတ်ယွမ်ငွေဖြင့် ပြုလုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 13 September 2025

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို တရုတ်ယွမ်ငွေဖြင့် ပြုလုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့်  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် တရုတ်ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံလိုကြသည်ကို သိရှိခဲ့ရကြောင်း၊ ကုန်သွယ်မှုတွင်လည်း ယွမ်နှင့် ကျပ် တိုက်ရိုက်ပေးချေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ များစွာရှိကြောင်း၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို ဒေါ်လာဖြင့်သာမက ယွမ်နှင့်ပါ ဆောင်ရွက်နိုင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာပြီး နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့အနေဖြင့် စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို များစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ဝန်ကြီးဌာနများအလိုက် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်ဆန်တိုးတက်စေရေး နှစ်ဖက် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် မြန်မာ-တရုတ် ကုန်သွယ်မှုနှင့် ရင်နှီးမြှုပ်နှံမှု မြှင့်တင်ရေးအသင်းကို ဖွဲ့စည်းဆောင်ရွက်ရန် ပြောကြားထားပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးထွက်ကုန်ပစ္စည်းများ ပိုမိုတိုးတက်အောင် ထုတ်လုပ်နိုင်ရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

တရုတ်နိုင်ငံ တီယန်ကျင်းမြို့နှင့် စီချွမ်ပြည်နယ် ချန်ဒူးမြို့တို့၌ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် တွေ့ဆုံခဲ့ရာတွင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယခင်က ဆောင်ရွက်လျက်ရှိသည့် မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ကြန့်ကြာမှုမရှိစေရေး ပြန်လည်စိစစ်ဆောင်ရွက်ရန်လိုသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဝင်ရောက်လာနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာခြင်း၊ နည်းပညာများ ရရှိခြင်းတို့မှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့နိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍအား လေ့လာကြည့်ရာတွင် လမ်းစဉ်ပါတီခေတ်၌ လယ်ယာထွက်ကုန် ၅၀ ရာခိုင်နှုန်းခန့်ရှိပြီး နဝတခေတ်တွင် လယ်ယာထွက်ကုန် ၃၀ ရာခိုင်နှုန်းကျော်ခန့်ရှိကြောင်း၊ သစ်တောထွက်ပစ္စည်း၊ ရေထွက်နှင့် တွင်းထွက်ပစ္စည်းများ ပိုမိုများပြားသည်ကို တွေ့ရကြောင်း၊ နယကခေတ်တွင် လယ်ယာထွက်ကုန်များ ၂၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ခန့်သာရှိကြောင်း၊ ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင်လည်း လယ်ယာထွက်ကုန်များကို ၂၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့အစိုးရ သက်တမ်းကာလတွင် လယ်ယာထွက်ကုန်များကို ၃၉ ရာခိုင်နှုန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့နိုင်ငံတွင် ထုတ်ကုန်ပစ္စည်းများထက် သယံဇာတပစ္စည်းများနှင့် CMP ထုတ်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်သည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်၍ လယ်ယာထွက်ကုန်ပစ္စည်းများကို ယခုထက် ပိုမိုတင်ပို့နိုင်ရန်လိုကြောင်း၊ မိမိတို့အစိုးရ၏ ငါးနှစ်တာကာလအတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာ နှစ်ဘီလျံကျော်ခန့်ရှိသည်ကို တွေ့ရကြောင်း၊ သို့သော် ယခုထက်ပိုမို၍ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက ကုန်သွယ်မှုပိုငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံစီးပွားရေးအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၂ ခုနှစ်မှစတင်၍ နိုင်ငံအတွင်း စားသုံးဆီများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သော်လည်း ယခုအချိန်အထိ လုံလောက်မှု မရှိသေးကြောင်း၊ ထို့ကြောင့် စားသုံးဆီများကို ပြည်ပမှ တင်သွင်းနေရပြီး နှစ်စဉ် နိုင်ငံခြားငွေများ ကုန်ကျလျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံမှထွက်ရှိသည့် ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်း ပြည့်မီအောင် စိုက်ပျိုးနိုင်မည်၊ နေကြာစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီများ ဖူလုံမှုရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံများ စိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားငွေများ ရရှိနိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ပမှ တင်သွင်းနေရသည့် ပြည်တွင်းထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်၍ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေးမြှင့်တင်မှုအတွက် အားလုံးက အလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

အစည်းအဝေးသို့ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

 

Most Read

Most Recent