■ ယူကရိန်းစစ်ဖြစ်ပြီးနောက် ရုရှားနှင့် ပထမဆုံး ထိတွေ့မှုဖြစ်လာ
စက်တင်ဘာ ၁၀ ရက်တွင် ရုရှားက ယူကရိန်းကိုတိုက်ခိုက်စဉ်အတွင်း ရုရှားဒရုန်းများ ပိုလန်လေပိုင်နက်ကို ချိုးဖောက်ဝင်လာသည့်အတွက် ပစ်ချလိုက်ကြောင်း ပိုလန်နိုင်ငံက ကြေညာလိုက်သည်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်းစစ်ပွဲဖြစ်လာပြီးနောက်ပိုင်း နေတိုးစစ်မဟာမိတ်အုပ်စုအဖွဲ့ဝင်နိုင်ငံတစ်ခုက ရုရှားနှင့် ပထမဆုံးအကြိမ် ထိတွေ့မှုဖြစ်လာသည်။
လက်ရှိအခြေအနေကြောင့် ပိုလန်သမ္မတ ကာရိုနာရိုစကီက နိုင်ငံတော်လုံခြုံရေးအစည်းအဝေး ခေါ်ယူထားသည်။ စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး နေတိုးအကြီးအကဲ မက်ခ်ရူတာနှင့် ဆက်သွယ်ပြောပြီးပြီဟုလည်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်က ဆိုသည်။
ယခုဖြစ်ရပ်ကို ပိုလန်စစ်တပ်က လေပိုင်နက် မကြုံစဖူးချိုးဖောက်ခံရမှုဖြစ်ပြီး နိုင်ငံသားများ၏ လုံခြုံရေးကို လုံးဝအန္တရာယ်ဖြစ်စေနိုင်သည့် ကျူးကျော်ရန်စမှုဟု ပြောဆိုခဲ့သည်။
မြို့တော်ဝါဆောရှိရာ ဒေသအပါအဝင် ယူကရိန်းနှင့် ထိစပ်နေသည့် နယ်စပ်တစ်လျှောက်ရှိ အန္တရာယ်အဖြစ်နိုင်ဆုံး ဒေသသုံးခုတွင် နေထိုင်သူများအား အပြင်မထွက်ရန်နှင့် ဘေးလွတ်ရာ နေထိုင်ကြရန် သတိပေးချက် ထုတ်ထားသည်။
ပိုလန်လေဆိပ်လေးခုတွင် လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရပြီး နိုင်ငံလေပိုင်နက်ကို ပိတ်ထားသည်ဟု ပိုလန်၏ အချက်အချာအကျဆုံး ရှိုပင်လေဆိပ်က ထုတ်ပြန်သည်။
တစ်ဖက်တွင်လည်း ယူကရိန်းစစ်တပ်က နိုင်ငံသားများအနေဖြင့် ဒရုန်းနှင့် ဒုံးကျည်အန္တရာယ်များရှိနေပြီး တိုက်ခိုက်မှုများဖြစ်လာပါက ဘေးလွတ်ရာခိုလှုံကြရန် တယ်လီဂရမ်အကောင့်တွင် မိနစ်ခြားစီ အဆက်မပြတ် သတိပေးလျက်ရှိသည်။
Ref: BBC
Photos: Reuters














