■ မင်းမဲ့စရိုက်ကို ရပ်တန့်ရန် နီပေါစစ်တပ် သတိပေး

■ မင်းမဲ့စရိုက်ကို ရပ်တန့်ရန် နီပေါစစ်တပ် သတိပေး
Published 10 September 2025

နီပေါနိုင်ငံတွင် ဆန္ဒပြသူများက ဆူပူအုံကြွမှုများ ပြုလုပ်ခဲ့ပြီးနောက် မင်းမဲ့စရိုက်ကို ရပ်တန့်ရန် နီပေါစစ်တပ်က စက်တင်ဘာ ၉ ရက် ညပိုင်းက သတိပေးခဲ့ပြီး စစ်တပ်နှင့် လုံခြုံရေးအေဂျင်စီများက အခြေအနေကို ထိန်းချုပ်သွားမည်ဟု နီပေါနိုင်ငံ၏ setopati ဒစ်ဂျစ်တယ်သတင်းစာက ဖော်ပြခဲ့သည်။

"ဆူပူအုံကြွမှုတွေကို အခွင့်ကောင်းယူပြီး အချို့အဖွဲ့တွေက သာမန်ပြည်သူတွေနဲ့ အစိုးရရုံးအဆောက်အအုံတွေကို ဖျက်ဆီးတာ၊ ပစ္စည်းတွေ ဝင်ရောက်လုယက်တာနဲ့ မီးရှို့တာတွေ ပြုလုပ်နေတဲ့ ရာဇဝတ်မှုတွေကို ရပ်တန်းက ရပ်တန့်ဖို့ စစ်တပ်က သတိပေးပါတယ်" ဟု နီပေါစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်ချက်များကို ရပ်တန့်ခြင်းမရှိပါက စစ်တပ် အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးသည် အခြေအနေကို ထိန်းချုပ်သွားမည်ဟုလည်း နီပေါစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ရာဂျာရမ် ဘက်စ်နက်က ပြောကြားခဲ့သည်။

ထို့ပြင် ဆူပူအုံကြွမှုများဖြစ်ပွားချိန်အတွင်း လုံခြုံရေးအေဂျင်စီများထံမှ လုယက်ခဲ့သည့် လက်နက်များကိုလည်း ပြန်လည်အပ်နှံရန် နီပေါစစ်တပ်က တိုက်တွန်းခဲ့သည်။

စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းကလည်း နီပေါစစ်ဦးစီးချုပ် အာရှော့ ရာ့ဂျ် ဆစ်ဂျ်ဒယ်က Gen-Z လူငယ်ဆန္ဒပြသူများအနေဖြင့် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ လာရောက်ရန်  တိုက်တွန်းခဲ့သည်။

နီပေါနိုင်ငံတွင် ဆိုရှယ်မီဒီယာပလက်ဖောင်း ၂၆ မျိုးကို ပိတ်ပင်လိုက်ပြီးနောက် နိုင်ငံတစ်ဝန်းရှိ လူငယ်များ ဆန္ဒပြလာကြကာ လုံခြုံရေး တပ်ဖွဲဝင်များနှင့် အဓိကရုဏ်းဖြစ်ပွားခဲ့သည်။

စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင်မူ လူမှုမီဒီယာများအား ပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း နီပေါ ပြန်ကြားရေးဝန်ကြီး ပရစ်သ်ဗီ ဆပ်ဘာ ဂူရန်က ပြောကြားခဲ့သည်။

ထို့နောက် စက်တင်ဘာ ၉ ရက်တွင် နီပေါဝန်ကြီးချုပ် ရှာမာအိုလီက ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

နီပေါတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လူ ၂၂ ဦးသေဆုံးခဲ့ပြီး လူပေါင်း ဒါဇင်ချီ ဒဏ်ရာရခဲ့သည်။

Ref: Setopati

Photos: AFP

 

Most Read

Most Recent