မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှတစ်ဆင့် ယူနန်၊ စီချွမ်၊ ချုံချင့်၊ ကွမ်ရှီးနှင့်နန်နင်းဒေသများအထိ ကုန်သွယ်ရေးလမ်းကြောင်းအား တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
စက်တင်ဘာ ၆ ရက်က တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့ရှိ Shangri la ဟိုတယ်၌ ကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဒုတိယအကြိမ် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မိမိတို့နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ဂိတ်များသည် အရေးပါသောကဏ္ဍက ပါဝင်နေကြောင်း၊ နှစ်နိုင်ငံ အကြားနယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်အရ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်တွင် စုစုပေါင်းနယ်စပ်ဂိတ် (၈) ခု ရှိပါကြောင်း၊ လက်ရှိအချိန်တွင် နယ်မြေလုံခြုံရေးအခြေအနေအရ အဆိုပါနယ်စပ်ဂိတ် (၈) ခုအနက် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်တစ်ခုသာ ဖွင့်လှစ်ထားရှိနိုင်ပြီး ကျန်နယ်စပ် ကုန်သွယ်ရေးဂိတ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်များကြောင့် ရပ်တန့်ထားရကြောင်း၊ မိမိတို့နှစ်နိုင်ငံကုန်သွယ်မှုကို ထိခိုက်စေခဲ့ကြောင်း၊ နယ်စပ်ဒေသ ကုန်သွယ်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို တိုက်ရိုက် အထောက်အကူပြုနေသောကြောင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းပြီး ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသ မတည်ငြိမ်မှုများကြောင့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသများ၏ စီးပွားရေးကိုလည်း ထိခိုက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုများ ယခင်ထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှတစ်ဆင့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့အထိ ကုန်သွယ်ရေးလမ်းကြောင်းအား တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံလုံးအတွက် အဓိကကုန်သွယ်ရေးလမ်းကြောင်း ဖြစ်လာမည့်အပြင် တရုတ်နိုင်ငံ၊ အရှေ့တောင်ပိုင်းဒေသ၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ မြန်မာနိုင်ငံကို ပေါင်းကူးတံတား (Landbridge) အနေဖြင့် အသုံးပြုပြီး အာဆီယံနိုင်ငံများသို့လည်း စီးပွားရေးဆိုင်ရာ ကုန်သွယ်ချိတ်ဆက်မှုများ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို ဦးစွာအလေးထား ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်တိုးချဲ့ဖွင့်လှစ်နိုင်ပါက ကုန်ပစ္စည်းအမျိုးအစားများနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ(Value-Added Products) ချဲ့ထွင်တင်/ပို့ရေး၊ လမ်းပန်းဆက်သွယ်ရေး တိုးချဲ့ဖောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေးကိစ္စရပ်များကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တရုတ်နိုင်ငံ၏ အကူအညီအနေဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ပညာရေး နှင့်ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့်ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများတွင် စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ချန်ဒူးမြို့သည် တရုတ်နိုင်ငံအနောက်ပိုင်းရှိ အဓိကစီးပွားရေးစင်တာ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင်စသည့်ကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ချန်ဒူးမြို့တွင် Intel၊ Foxconn ၊ Dell တို့ကဲ့သို့ အီလက်ထရောနစ်နှင့် အိုင်တီနည်းပညာကုမ္ပဏီများ၊ စက်မှု လုပ်ငန်းများ၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ စားသောက်ကုန်နှင့် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများ စသည့် လုပ်ငန်းများစွာကို လုပ်ကိုင်ဆောင်ရွက်နေသည်ကို လေ့လာသိရှိရကြောင်း၊ ထို့ပြင်ချန်ဒူးမြို့တွင် နည်းပညာကဏ္ဍနှင့်ပတ်သက်၍ များစွာဖွံ့ဖြိုးတိုးတက်နေသည်ကိုတွေ့ရှိရပြီး တရုတ်နိုင်ငံအနောက်ပိုင်း ဒေသတွင် ပထမဆုံး AI နည်းပညာဆန်းသစ်တီထွင်မှုနှင့် အသုံးချမှု စမ်းသပ်ဇုန်အဖြစ် မှတ်တိုင်ထူခဲ့သည်ကို လေ့လာသိရှိရကြောင်း၊ မိမိအနေဖြင့် အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားလိုသည်ကို ပြောကြားလိုကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
လက်ရှိအချိန်တွင်မြန်မာနိုင်ငံနှင့် စီချွမ်ပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကဏ္ဍများစွာရှိကြောင်း၊ စီချွမ်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့အကြား စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးအတွက် ချစ်ကြည်ရင်းနှီးသောပူးပေါင်း ဆောင်ရွက်မှုဆက်ဆံရေး တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ချန်ဒူးမြို့နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တို့အကြားတွင် လည်း ချစ်ကြည်ရေးညီအစ်မမြို့ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးသွားရန် ရှိကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံ နှင့် စီချွမ်ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် ပြည်သူအချင်းချင်းကူးလူးဆက်ဆံနိုင်ရေးတို့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလကတည်းက ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်-ချန်ဒူး ခရီးသည်တင်လေကြောင်းလိုင်းများကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန် အတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် လူဦးရေများပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြားတွင် နယ်နိမိတ်ချင်းထိစပ်တည်ရှိနေသည့်အတွက် ကုန်သွယ်မှုများပြုလုပ်ရန် အခွင့်အလမ်းများစွာရှိသည့်နိုင်ငံဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင်မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံဆည်းရာနေရာ၌ ပထဝီအနေအထားအရ အချက်အချာကျကျ တည်ရှိလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုအနေဖြင့်လည်း လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်ကြောင်း၊ သို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများသည် တရုတ်နိုင်ငံအတွက် အလားအလာကောင်းများစွာရှိသည်ကို အသိပေးပြောကြားလိုကြောင်း၊ တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI)တွင် မြန်မာနိုင်ငံအနေ ဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အဆိုပါစီမံကိန်းတွင် ကုန်းလမ်းနှင့်ရေကြောင်း လမ်းနှစ်သွယ်ဖြင့် ပိုးလမ်းမစီမံကိန်းဟူ၍ မဏ္ဍိုင်နှစ်ရပ်ပါရှိပြီး ပထမမဏ္ဍိုင်တွင် တရုတ်နှင့် ဥရောပနိုင်ငံများ စီးပွားရေးချိတ်ဆက်မှု ပိုးလမ်းမသစ် (Silk Road Economic Belt)နှင့် ဒုတိယမဏ္ဍိုင်တွင် အရှေ့တောင်အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံတို့နှင့် ရေကြောင်း ဆိုင်ရာဆက်သွယ်မှု ပိုးလမ်းမ (Maritime Silk Road)ဟူ၍ သတ်မှတ်ထားရှိကြောင်း၊ အဆိုပါစီမံကိန်းတွင် အပြည်ပြည်ဆိုင်ရာစင်္ကြံ (၆) ခုပါရှိကာ မြန်မာနိုင်ငံအနေဖြင့် ကုန်းလမ်းနှင့် ရေလမ်း(၂)မျိုးလုံးအသုံးပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစင်္ကြံနှင့် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံတို့တွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ကုန်းမြေတည်ရှိမှုအရ အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပထဝီနိုင်ငံရေး မဟာဗျူဟာအရလည်း အချက်အချာကျသည့် နိုင်ငံတစ်ခုဖြစ်သည့်အပြင် အာရှအဝေးပြေး လမ်းနှင့်အာရှဖြတ်ကျော် ရထားလမ်းကွန်ရက်နှစ်ခုလုံး၏ အစိတ်အပိုင်းဖြစ်သည့်အတွက် ပိုးလမ်းမစီးပွားရေးရပ်ဝန်းတွင် အရေးပါသည့်နိုင်ငံဖြစ်ကြောင်း၊ အဆိုပါ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor- CMEC)ကို တည်ထောင်ထားပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်၊ နယ်စပ်ဒေသများတွင် အထူးစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ထောင်ရန် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ CMEC မူဘောင်အောက်မှတစ်ဆင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဆိုင်ရာ ဆောလျင်စွာဆောင်ရွက်မည့်စီမံကိန်း(Early Harvest Project) (၆) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်တွင် နှစ်နိုင်ငံအကြား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ ပြောကြားလိုကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ တရုတ်-မြန်မာ ရထားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်မဟာဓာတ်အားလိုင်း စီမံကိန်း စသည့် အရေးကြီးသော စီမံကိန်းများစွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စီမံကိန်းများအနက် တရုတ်-မြန်မာ ရထားလမ်းစီမံကိန်းသည် မိမိတို့နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးအတွက် အကျိုးရလဒ်ကောင်းများ ရရှိနိုင်သည့် အရေးပါသော စီမံကိန်းတစ်ခု ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အဆိုပါမီးရထားလမ်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ပြီး ကုန်သွယ်နိုင်မည်ဆိုပါက မိမိတို့နှင့်ပထဝီအနေအထားအရ အလှမ်းဝေးကွာသော်လည်း နှစ်နိုင်ငံလုံး နှင့်ဆက်ဆံရေး ကောင်းမွန်လျက်ရှိသော ရုရှားဖက်ဒရေးရှင်းနိုင်ငံအထိ ကုန်သွယ်မှုပြုလုပ်နိုင်မည့် အလားအလာကောင်းများရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ အာရှတိုက်နှင့် ဥရောပတိုက် ၂ ခုလုံးတွင်ပါဝင်သော ရုရှားနိုင်ငံ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား အလယ်ဗဟိုတွင်ရှိသော မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပထဝီအနေအထားအရ အချက်အချာကျလှကြောင်း၊ မိမိတို့အနေဖြင့် ရုရှားနိုင်ငံ၏ ဗဟိုချက်မမြို့တစ်မြို့ဖြစ်သော နိုဗိုစီဗစ်မြို့နှင့် ဥရောပတိုက်ဘက်တွင် တည်ရှိသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် စိန့်ပီတာစဘတ်မြို့တို့တွင် ရုရှားဖက် ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ နှစ်နိုင်ငံအကြား ကုန်စည်ကူးသန်းမှုများ တိုးမြှင့်ဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တရုတ်နိုင်ငံရှိ ချုံချင့်၊ ကူမင်း၊ နန်နင်း၊ ဟောင်ကောင်မြို့များတွင်လည်း မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်ရေး ကဏ္ဍမြှင့်တင်ရေးကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အလယ်တွင် တည်ရှိလျက်ရှိရာ မြန်မာ-တရုတ်-ရုရှား သုံးနိုင်ငံပူးပေါင်း၍ ကုန်သွယ်ရေးကဏ္ဍအား တိုးချဲ့ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း ကုန်စည်စီးဆင်းမှုကိုလည်းများစွာ အထောက်အကူပြုနိုင်သည့် အခွင့်အလမ်းကောင်းများ ထွက်ပေါ်လာနိုင်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) အတည်ပြုခဲ့သည့် ပထမဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်မှ စတင်အသက်ဝင်ခဲ့သည်ကို အတည်ပြုပေးခဲ့ကြောင်း၊ RCEP သဘောတူစာချုပ်အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု ဒေသဆိုင်ရာသဘောတူစာချုပ်(ACFTA) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ အကာအကွယ်ပေးရေးနှင့် လွယ်ကူချောမွေ့စေရေးအစီအမံများကြောင့် မိမိတို့နှစ်နိုင်ငံအကြားအပြင် ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုပါ ခိုင်ခိုင်မာမာတိုးမြှင့်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်မိကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။















