■တရုတ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေစေရေး တရုတ်ယွမ်ငွေဖြင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်ရေး စဉ်းစားဆောင်ရွက်နေကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ပြောကြား

■တရုတ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေစေရေး တရုတ်ယွမ်ငွေဖြင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်ရေး စဉ်းစားဆောင်ရွက်နေကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ပြောကြား
Published 7 September 2025

မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဟုဆို

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအဆင်ပြေစေရေး တရုတ်ယွမ်ငွေဖြင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်ရေး စဉ်းစားဆောင်ရွက်နေပြီး မကြာမီ အချိန်အတွင်း အဖြေပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၆ ရက်က တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့ရှိ Shangri la ဟိုတယ်၌ ကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဒုတိယအကြိမ် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကား ပြောရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-တရုတ် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်း၍ လုပ်ငန်းများမြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေစေရေး ယွမ်နှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်ရေး စဉ်းစားဆောင်ရွက်နေပြီး မကြာမီ အချိန်အတွင်း အဖြေပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ က ပြောကြားသည်။

တရုတ်နိုင်ငံက ကြီးမှူးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (Global Development Initiatives-GDI)တွင် ပါဝင်သည့် ဦးစားပေးနယ်ပယ် (၈)ခုတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသောကြောင့် မိမိတို့မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန်ရည်ရွယ်၍ ကုန်သွယ်မှု၊ နယ်စပ်ငွေလွှဲပြောင်းပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင်ယွမ်-ကျပ်တိုက်ရိုက် ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က ပြောကြားသည်။

မိမိတို့ အနေဖြင့် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့်သွားလိုကြောင်း၊ ထို့ကြောင့် မိမိတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ် သက်သာခွင့်များကိုသိသာစွာ ပံ့ပို့ပေးထားသည့်အပြင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ က ပြောကြားသည်။

လာမည့်ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲပြုလုပ် မည်ဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုများ ပိုမိုအားကောင်းလာစေမည် ဖြစ်ကြောင်း၊ တည်ငြိမ်မှုရှိလာသည်နှင့်အမျှ စီးပွားရေးဆောင်ရွက်မှု အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ မြေပေါ်၊ မြေအောက်ရေသယံဇာတများ၊ လူသားအရင်းအမြစ်များနှင့် တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုပူးပေါင်းလိုက်မည် ဆိုပါက နှစ်နိုင်ငံအတွက် သိသာသည့်ရလဒ်ကောင်းများ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က ပြောကြားသည်။

မိမိအနေဖြင့် ယခုကဲ့သို့တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် နှစ်နိုင်ငံအကြားများစွာအကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို မျှဝေဆွေးနွေးခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်မိကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ က ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်မြို့နှင့် ဟူနန်ပြည်နယ် တို့မှ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ ၁၂၀ ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Most Read

Most Recent