■ ဂါဇာတွင် သတင်းသမားများ သေဆုံးနေမှုအပေါ်  နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ ဦးဆောင်မှုဖြင့် မီဒီယာ ၂၅၀ ကျော် ဆန္ဒပြ

■ ဂါဇာတွင် သတင်းသမားများ သေဆုံးနေမှုအပေါ်  နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ ဦးဆောင်မှုဖြင့် မီဒီယာ ၂၅၀ ကျော် ဆန္ဒပြ
Published 2 September 2025

ဂါဇာကမ်းမြောင်ဒေသတွင် သတင်းသမားများ သေဆုံးနေခြင်းကို မခံမရပ်နိုင် ဆန္ဒပြသည့်အနေဖြင့် နိုင်ငံပေါင်း ၇၀ ကျော်မှ သတင်းမီဒီယာ ၂၅၀ ကျော်က စက်တင်ဘာ ၁ ရက်တွင် ၎င်းတို့သတင်းစာ၊ ဝက်ဘ်ဆိုက်များ၏ ထိပ်ဆုံးစာမျက်နှာများကို အမှောင်ချခဲ့ကြသည်။

ယင်းသို့ဆန္ဒပြမှုကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အမှောင်ချမှုအပြင် စက်တင်ဘာ ၁ ရက်နေ့ သတင်းထုတ်လွှင့်တင်ဆက်မှုများကိုပါ ရပ်ထားခဲ့ကြသည်။

RSF အဆိုအရ ဂါဇာစစ်ပွဲဖြစ်ပွားလာသည့် နှစ်နှစ်နီးပါးကာလအတွင်း သေဆုံးသည့် သတင်းသမားဦးရေမှာ ၂၂၀ ရှိပြီဖြစ်သည်။

“အစ္စရေးစစ်တပ်ကြောင့် ဂါဇာမှာ သတင်းသမားတွေ ဒီနှုန်းနဲ့ သေနေမယ်ဆိုရင် မကြာခင်မှာပဲ သတင်းပေးပို့မယ့်သူ တစ်ယောက်မှတောင် ကျန်မှာမဟုတ်တော့ဘူး။ ဂါဇာကို တိုက်နေတဲ့ စစ်ပွဲတင်မဟုတ်တော့ဘဲ သတင်းနယ်ပယ်ကိုပါ တိုက်နေတဲ့စစ်ပွဲ”ဟု RSF ညွှန်ကြားရေးမှူးချုပ် သီဘိုဘရတ်တင်က ရှုတ်ချကြေညာသည်။

အစ္စရေးစစ်တပ်ကလည်း ၎င်းတို့၏ တိုက်ခိုက်မှုများက ဟားမာ့စ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များကိုသာ ပစ်မှတ်ထားခြင်းဖြစ်သည်ဟု အမြဲတုံ့ပြန်ခဲ့သည်။ ထို့ပြင် ဂါဇာရှိ သတင်းထောက်များက ဟားမာ့စ်နှင့် ဆက်နွယ်မှုရှိကြသည်၊ ဂါဇာစစ်မီးကို စမွှေးလိုက်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နေကြသည်ဟု အစ္စရေးက အကြိမ်ကြိမ်ပြောခဲ့သည်။

သို့သော် RSF အကြီးအကဲ ဘရတ်တင်က ၎င်း၏ ထုတ်ပြန်ချက်တွင် “ဂါဇာမှာရှိတဲ့ သတင်းထောက်တွေက တမင်တကာကို ပစ်မှတ်ထားခံနေရတာ။ သူတို့သာမရှိရင် ဂါဇာမှာ အငတ်ဘေးဆိုက်နေတာတွေ၊ စစ်ရာဇဝတ်မှုတွေကို ဘယ်သူက ဖော်ထုတ်တော့မှာလဲ”ဟုဆိုကာ ပါလက်စတိုင်းသတင်းထောက်များအား အကာအကွယ် ပေးကိုပေးရမည်ဖြစ်ပြီး ဂါဇာကမ်းမြောင်မှ ၎င်းတို့ရွှေ့ပြောင်းလိုပါက ၎င်းတို့ကို အခြားနိုင်ငံများက လက်ခံသင့်သည်ဟုလည်း ဘရတ်တင်က အကြံပြုထားသည်။

ဂါဇာတောင်ပိုင်း ခန်းယူးနစ်ရှိ နက်ဆာဆေးရုံကို ဩဂုတ် ၂၅ ရက်တွင် အစ္စရေးတို့တိုက်ခိုက်ခဲ့စဉ်က လူ ၂၀ သေဆုံးခဲ့ပြီး ၎င်းတို့ထဲ ရိုက်တာ၊ အေပီ၊ အယ်လ်ဂျာဇီးရားနှင့် သတင်းမီဒီယာအချို့မှ ဂျာနယ်လစ်ငါးဦးလည်း ပါဝင်ခဲ့သည်။

အစ္စရေးစစ်တပ်က ဆေးရုံရှိရာအရပ်ကို ၎င်းတို့တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း မသက်ဆိုင်သူများပါ ထိခိုက်သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ဂျာနယ်လစ်များကို ပစ်မှတ်ထားခဲ့ခြင်း မဟုတ်ကြောင်း ၊ စစ်ပွဲဇုန်တစ်ခုတွင် အထူးသဖြင့် အရပ်သားလူထုဖြင့် အကာအကွယ်ယူနေသည့် ဟားမာ့စ်ကဲ့သို့အဖွဲ့နှင့် တိုက်နေသည့်စစ်ပွဲတွင် သတင်းတင်ဆက်နေခြင်းက အလွန်ပင်အန္တရာယ်များကြောင်း တုံ့ပြန်ခဲ့သည်။       

စစ်ပွဲစဖြစ်ကတည်းက ဂါဇာသို့ နိုင်ငံခြားသားသတင်းသမားများ ဝင်ရောက်ခွင့်ကို အစ္စရေးက ပိတ်ပင်ခဲ့ပြီး စစ်ပွဲတစ်လျှောက်လုံး သတင်းလိုက်ယူမှုများကို ပါလက်စတိုင်းသတင်းသမားများကသာ  တာဝန်ယူခဲ့သည်။ ၎င်းတို့အနက်အများစုက ရိုက်တာနှင့် အေပီကဲ့သို့ နိုင်ငံတကာမီဒီယာများတွင် အတွေ့အကြုံနှစ်ချီရှိကြသည်။

Ref & photos : DPA

 

Most Read

Most Recent