ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO SUMMIT 2025)သို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်ခဲ့သည်။
ယနေ့(စက်တင်ဘာ ၁ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ Tianjin Meijiang Convention Center ၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025 Plus) သို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ တရုတ်နိုင်ငံ သမ္မတ H.E. Mr. Xi Jinping၊ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ SCO ထိပ်သီး အစည်းအဝေး သို့တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အခြားဖိတ်ကြားထားသည့် နိုင်ငံ ၂၄ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး ဥက္ကဋ္ဌ တရုတ်နိုင်ငံသမ္မတ က အဖွင့်အမှာစကားပြောကြားရာတွင် လေးစားအပ်ပါသော လုပ်ဖော်ကိုင်ဖက်များ တီယန်ကျင်းမြို့သို့ SOC Plus အစည်းအဝေး လာရောက်တက်ရောက်ကြသည့်အတွက် ကြိုဆိုပါကြောင်း၊ ယနေ့အစည်းအဝေး၏ဆောင်ပုဒ်မှာ ဘက်စုံမူဝါဒကျင့်သုံးခြင်း၊ ဒေသတွင်းလုံခြုံရေးကို ထိန်းသိမ်းခြင်းတို့ဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန် ဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ပမာဏအဆိုပြုချက်(Global Governance Intiative- GGI) ငါးချက်ကို မိမိအနေဖြင့် အဆိုပြုတင်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ SCO အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ကို ယခုအစည်းအဝေးသည် အထောက်အကူဖြစ်စေမည့် အောင်မြင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ တရုတ်နိုင်ငံ သမ္မတက ဆွေးနွေးပြောကြားသည်။
ထို့နောက် ဘီလာရုစ်နိုင်ငံ သမ္မတ ၊ အီရန်နိုင်ငံသမ္မတ၊ ကာဇက်စတန်နိုင်ငံ သမ္မတ၊ ကာကျစ္စတန် သမ္မတ၊ ပါကစ္စတန်နိုင်ငံ သမ္မတ၊ ရုရှားနိုင်ငံ သမ္မတ၊ တာဂျစ်ကစ္စတန် သမ္မတ၊ ဥဇဘက်ကစ်တန်နိုင်ငံ သမ္မတ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ မွန်ဂိုလီးယားနိုင်ငံ သမ္မတ၊ အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုနိုင်ငံ သမ္မတ၊ မော်လဒိုက်နိုင်ငံ သမ္မတ၊ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ နီပေါနိုင်ငံ ဝန်ကြီးချုပ်၊ တူရကီနိုင်ငံ သမ္မတ၊ အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်၊ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ၊ အင်ဒိုနီးရှားနိုင်ငံ သမ္မတ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်တို့က အသီးသီး ဆွေးနွေးပြောကြားကြသည်။
ထိုသို့နိုင်ငံအလိုက် ဆွေးနွေးပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုအစည်းအဝေးကို တက်ရောက်လာကြသည့် နိုင်ငံ့အကြီးအကဲများနှင့် ဧည့်သည်တော်များ အားလုံးမင်္ဂလာပါဟု ပထမဦးစွာနှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO) အပေါင်းထိပ်သီးအစည်းအဝေးကို မိမိအားပါဝင်တက်ရောက် နိုင်ရန် ဖိတ်ကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုအစည်းအဝေး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ ဆွေးနွေးဖက်နိုင်ငံဖြစ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကိုယ်စား တက်ရောက်အမှာစကား ပြောကြားခွင့်ရရှိသည့်အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိသည်ကို ပြောကြားလိုပါကြောင်း ပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) Plus ထိပ်သီး အစည်းအဝေးကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန်နှင့် နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ ကြသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ယခုနှစ်အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ H.E. Mr. Xi Jinping နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကို မိမိအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိသည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ အခြေခံမူများဖြစ်သည့် ဝင်ရောက်မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာအား လေးစားမှုရှိရေးနှင့် တန်းတူညီမျှမှုရှိရေးတို့ကို မိမိတို့မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများအတွက် နိုင်ငံတကာစင်မြင့်ပေါ်တွင် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရာတွင်ထားရှိသည့် ခိုင်မာသော အခြေခံအုတ်မြစ်နှင့် များစွာအလားသဏ္ဍာန်တူပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO)ရ ဆွေးနွေးဖက်နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်၊ မေလက ပါဝင်ခွင့်ရရှိခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) က ဦးဆောင် ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားများကိုလည်း တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း မိမိတို့မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေး ထောက်ခံပေးနိုင်ပါရန် အလေးအနက်ထား မေတ္တာရပ်ခံလိုပါကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ က ပြောကြားသည်။
အလားတူ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စည်းအဝေးမစတင်မီ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၊ မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ်၊ နီပေါနိုင်ငံ ဝန်ကြီးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်၊ ပါကစ္စတန်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့်နိုင်ငံများမှ ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအလိုက် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။















