■ အစ္စရေးလုပ်ရပ်က မီဒီယာလွတ်လပ်ခွင့်ကိုပါ တိုက်ခိုက်ခြင်းဟု တူရကီရှုတ်ချ
ဂါဇာတောင်ပိုင်းရှိ နက်ဆာဆေးရုံကို ဩဂုတ် ၂၅ ရက်တွင် အစ္စရေးက တိုက်ခိုက်ခဲ့ရာ လူ ၂၀ သေဆုံးသွားပြီး ၎င်းတို့ထဲ ရိုက်တာ၊ အေပီ၊ အယ်လ်ဂျာဇီးရားနှင့် သတင်းမီဒီယာအချို့မှ ဂျာနယ်လစ်ငါးဦးလည်း ပါဝင်ခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တူရကီနိုင်ငံက အစ္စရေး၏ လုပ်ရပ်သည် မီဒီယာလွတ်လပ်ခွင့်ကိုပါ တိုက်ခိုက်ခြင်း၊ နောက်ထပ်စစ်ရာဇဝတ်မှုတစ်ခုကို ကျူးလွန်လိုက်ခြင်းဟု ရှုတ်ချဝေဖန်ခဲ့သည်။
ခန်းယူးနစ်ရှိ နက်ဆာဆေးရုံကို အစ္စရေးက ပထမအကြိမ် တိုက်ခိုက်စဉ် အပေါ်ထပ်တစ်ထပ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ရာ နေရာအနီး၌ ရိုက်တာသတင်းဌာနမှ ကင်မရာသမားတစ်ဦး သေဆုံးခဲ့သည်ဟု ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်များက ပြောသည်။
ဆေးရုံတာဝန်ရှိသူများနှင့် မျက်မြင်တွေ့သူများ၏ ပြောဆိုချက်အရ ဆေးရုံကို အစ္စရေးက ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် နောက်ထပ်ဂျာနယ်လစ်အချို့ သေဆုံးခဲ့ပြီး အကူအညီပေးရန် အပြေးအလွှားရောက်လာသည့် ကယ်ဆယ်ရေးဝန်ထမ်းများပါ သေဆုံးခဲ့သည်။ ရိုက်တာဓာတ်ပုံဆရာတစ်ဦးလည်း ဒဏ်ရာရခဲ့သည်။
အစ္စရေးစစ်တပ်က ဆေးရုံရှိရာအရပ်ကို ၎င်းတို့ တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း မသက်ဆိုင်သူများပါ ထိခိုက်လျှင် အစ္စရေးစစ်တပ်က စိတ်မကောင်းဖြစ်ရကြောင်း၊ ဂျာနယ်လစ်များကို ပစ်မှတ်ထားခဲ့ခြင်းမဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ ဖြစ်စဉ်ကို စစ်ဆေးခိုင်းထားသည်ဟုလည်း စစ်တပ်က ပြောသည်။
ရိုက်တာနှင့် အေပီသတင်းဌာနတို့က ၎င်းတို့ သတင်းသမားများ သေဆုံးသွားသည့်အတွက် စိတ်ထိခိုက်ရကြောင်း အတည်ပြုထုတ်ပြန်ထားပြီး ဒဏ်ရာရနေသည့် ရိုက်တာဓာတ်ပုံဆရာ အရေးပေါ်ဆေးကုသခွင့်အတွက် ကူညီပေးရန် ဂါဇာနှင့် အစ္စရေးအာဏာပိုင်များအား ရိုက်တာသတင်းဌာနက မေတ္တာရပ်ခံထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမူ ဆေးရုံကိစ္စကို ၎င်းမသိခဲ့ဟုပြောသည်။ အိမ်ဖြူတော်တွင် သတင်းထောက်များနှင့် တွေ့စဉ် ထရန့်က “ဘယ်တုန်းကဖြစ်သွားတာလဲ။ကျွန်တော် မသိလိုက်ဘူး။ ဒါမျိုးလည်း ကျွန်တော် မမြင်ချင်ပါဘူး။ ဒီလိုအိပ်မက်ဆိုးတွေကို အဆုံးသတ်မှဖြစ်မယ်”ဟု ပြောခဲ့သည်။
အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က မီဒီယာသမားများအား အကာအကွယ်ပေးရန်နှင့် အစ္စရေးကို ၎င်းတို့လုပ်ရပ်အတွက် တာဝန်ယူခိုင်းရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းထံ တောင်းဆိုနေပြီဖြစ်သည်။
ပါလက်စတိုင်းသတင်းသမားများအသင်း၏ အဆိုအရ ဂါဇာစစ်စဖြစ်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာတွင် ပါလက်စတိုင်းသတင်းသမား ၂၄၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတကာဥပဒေနှင့်အညီ စစ်တပ်တွင် စစ်ဆေးရမည့်တာဝန်ရှိကြောင်း၊ စစ်ဆေးသိရှိချက်များကို အပွင့်လင်းဆုံး ချပြသွားမည်ဖြစ်ကြောင်း၊ စစ်ပွဲဇုန်တစ်ခုတွင် အထူးသဖြင့် အရပ်သားလူထုဖြင့် အကာအကွယ်ယူနေသည့် ဟားမာ့စ်ကဲ့သို့အဖွဲ့နှင့် တိုက်နေသည့်စစ်ပွဲတွင် သတင်းတင်ဆက်နေခြင်းက အလွန်အန္တရာယ်များကြောင်း ဆိုထားသည်။
လွန်ခဲ့သည့် သီတင်းနှစ်ပတ်ကလည်း အစ္စရေးတိုက်ခိုက်မှုကြောင့် အယ်လ်ဂျာဇီးရားသတင်းထောက် အယ်လ်ရှာရစ်နှင့် အခြားသတင်းသမားလေးဦး သေဆုံးခဲ့သည်။ အယ်လ်ရှာရစ်ကို ပစ်မှတ်ထားခဲ့သည်ဟု အစ္စရေးဘက်က ဝန်ခံခဲ့ပြီး ၎င်းက ဟားမာ့စ်အတွက် အလုပ်လုပ်ပေးသူဟုပြောသည်။ သို့သော် အယ်လ်ဂျာဇီးရားဘက်က ငြင်းခဲ့သည်။
စစ်ပွဲစဖြစ်ကတည်းက ဂါဇာကမ်းမြောင်ဒေသသို့ နိုင်ငံခြားသားသတင်းသမားများ ဝင်ရောက်ခွင့်ကို အစ္စရေးကပိတ်ပင်ခဲ့ပြီး စစ်ပွဲတစ်လျှောက်လုံး သတင်းလိုက်ယူမှုများကို ပါလက်စတိုင်းသတင်းသမားများကသာ တာဝန်ယူခဲ့သည်။ ၎င်းတို့အနက် အများစုက ရိုက်တာနှင့် အေပီကဲ့သို့ နိုင်ငံတကာမီဒီယာများတွင် နှစ်ချီ အတွေ့အကြုံရှိထားသူများဖြစ်သည်။
Ref & Photos■ Reuters














