မြို့တော်ဒေလီနှင့် ဆင်ခြေဖုံးနေရာများရှိ လမ်းဘေးခွေးအားလုံးကို တိရစ္ဆာန်ဂေဟာများသို့ ပို့ရမည်ဖြစ်ပြီး ယင်းညွှန်ကြားချက်ကို အာဏာပိုင်များက သီတင်းပတ် ရှစ်ပတ်နှင့် အပြီးလုပ်ဆောင်ရန် အိန္ဒိယတရားရုံးချုပ်က ဩဂုတ် ၁၁ ရက်တွင် အမိန့်ချလိုက်သည်။
မြို့တော်ဒေလီနှင့် အခြားမြို့ကြီးများတွင် ခွေးကိုက်ခံရမှု များပြားလာသည့် သတင်းများကြောင့် တရားရုံးချုပ်က ယင်းပြဿနာကို ဖြေရှင်းရန် အချိန်တစ်ခု သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။
ဒေလီတွင် လမ်းဘေးခွေးအကောင်ရေ ခန့်မှန်းခြေ တစ်သန်းခန့်ရှိပြီး နိုင်ငံတစ်ဝန်းတွင် အကောင်ရေ သန်းနှင့်ချီရှိသည်။ ကမ္ဘာတစ်ဝန်း ခွေးရူးပြန်ပြီး သေဆုံးသူစုစုပေါင်း၏ ၃၆ ရာခိုင်နှုန်သည် အိန္ဒိယမှဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားသည်။
ညွှန်ကြားချက်အရ ဒေလီနှင့် ဆင်ခြေဖုံးနေရာများတွင် ခွေးဂေဟာအမြောက်အမြား တည်ဆောက်ရမည်ဖြစ်ပြီး ဂေဟာတစ်ခုလျှင် ခွေးကောင်ရေအနည်းဆုံး ၅၀၀၀ ထားနိုင်ရမည်။ ဂေဟာများတွင် သားကြောဖြတ်ခြင်းနှင့် ကာကွယ်ဆေးထိုးသည့် နေရာများ၊ စီစီတီဗီကင်မရာများလည်း ထားရှိရမည်ဖြစ်သည်။ ထို့ပြင် သားကြောဖြတ်ထားသည့် ခွေးများကို အများပြည်သူရှိသည့် နေရာများသို့ ပြန်မလွှတ်ရန်အတွက်လည်း ရုံးတော်က သတ်မှတ်လိုက်သည်။
ခွေးကိုက်ခြင်းနှင့် ခွေးရူးပြန်ခြင်းတို့ကို သတင်းပေးပို့ အကူအညီတောင်းနိုင်မည့် တယ်လီဖုန်းလိုင်းတစ်ခုကိုလည်း အာဏာပိုင်များက တစ်ပတ်အတွင်း ပြင်ဆင်ရမည်ဖြစ်သည်။ သို့သော် တိရစ္ဆာန်စောင့်ရှောက်ရေး အသင်းအဖွဲ့များက တရားရုံးချုပ်က သတ်မှတ်ပေးလိုက်သည့် အချိန်သည် လက်တွေ့တွင် မဖြစ်နိုင်လောက်ဟု သုံးသပ်နေကြသည်။
တိရစ္ဆာန်အရေးဆိုင်ရာ အထင်ကရအဖွဲ့အစည်း PAWS ၏ တည်ထောင်သူ နီလက်ရှ်ဘာနာဂယ်ကလည်း ၎င်း၏ အမြင်ကို ပြောသည်။ "အိန္ဒိယမြို့ကြီးအများစုရဲ့ လက်ရှိအခြေအနေက လမ်းဘေးခွေးတွေကို ဂေဟာနဲ့ထားဖို့ လိုအပ်တဲ့ နေရာရဲ့ တစ်ရာခိုင်နှုန်းတောင် နေရာရှိတာ မဟုတ်ဘူး။ ဒီပြဿနာကို တစ်ကယ်ပဲ ပြီးချင်တယ်ဆိုရင် လမ်းဘေးခွေးကောင်ရေနဲ့ ခွေးရူးပြန်ရောဂါကို ထိန်းချုပ်ဖို့ရာ ရှိပြီးသားစည်းမျဉ်းစည်းကမ်းတွေကို အင်တိုက်အားတိုက်နဲ့ အကောင်အထည်ဖော်ရမှာ။ ကာကွယ်ဆေးထိုးတာ၊ သားကြောဖြတ်တာ၊ စွန့်ပစ်အမှိုက်တွေကို ထိရောက်တဲ့ စီမံမှုတွေ လုပ်တာမျိုး" ဟု ပြောသည်။
Save A Stray အဖွဲ့ တည်ထောင်သူ ဗီဒစ်ရှာမာကလည်း "အငြင်းပွားမှုတွေကို လျော့စေမယ့် တစ်ခုတည်းသော လူသားဆန်တဲ့နည်းလမ်းက ကာကွယ်ဆေးထိုး၊ သားကြောဖြတ်တာတွေ အများကြီးလုပ်ပေးဖို့ပဲ" ဟု X လူမှုကွန်ရက်တွင် ၎င်းအမြင်ကို မျှဝေခဲ့သည်။
အစိုးရဒေတာအချက်အလက်များအရ အိန္ဒိယတွင် ၂၀၂၄ ခုနှစ်အတွင်း ခွေးကိုက်ခံရသူ သုံး ဒသမ ခုနစ်သန်း ရှိသည်။ အိန္ဒိယက ကမ္ဘာပေါ်တွင် ခွေးရူးပြန်ရောဂါ အဖြစ်အများဆုံးနိုင်ငံလည်းဖြစ်ပြီး နှစ်စဉ် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၅၇၀၀ ခန့်ရှိသည်ဟု အစိုးရက ထုတ်ပြန်သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကမူ သေဆုံးသူ ၂၀,၀၀၀ အထိရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။
စစ်တမ်းကောက်မှုတစ်ခုအရ အိန္ဒိယတွင် လမ်းဘေးခွေးအကောင်ရေ ၅၂ သန်းခွဲရှိသည်။
Ref: BBC









