မန်ယူနည်းပြ အာမိုရင်မ်က ကစားသမားသစ် အမ်ဘူမိုဟာ ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် အဲဗာတန်နဲ့ပွဲမှာ အသင်းအတွက် စတင်ပွဲထွက်ကစားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ကင်မရွန်းတောင်ပံကစားသမား အမ်ဘူမိုကို ဘရန့်ဖို့ဒ်အသင်းကနေ ပေါင်(၆၅)သန်းနဲ့ ခေါ်ယူထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ခြေစမ်းပွဲ(၃)ပွဲမှာ မကစားခဲ့ရပါဘူး။
ဒီနေ့ည မြန်မာစံတော်ချိန် ၃း၃၀ နာရီမှာ ယှဉ်ပြိုင်ရမယ့် အဲဗာတန်နဲ့ပွဲမှာတော့ အမ်ဘူမို ကစားခွင့်ရတော့မှာဖြစ်ပါတယ်။
အဲဗာတန်နဲ့ပွဲမှာ အမ်ဘူမို ပါဝင်ကစားမှာလားဆိုတဲ့ မေးမြန်းမှုကို အာမိုရင်မ်က ''သူ ကစားမှာပါ။ သူ့ရဲ့ ကစားပုံနဲ့ အသင်းအတွက် သူဘာတွေ ပေးနိုင်မလဲဆိုတာကို မြင်တွေ့ရဖို့ ကျွန်တော် တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ ပွဲထွက်ကစားသမားအဖြစ်လည်း မြင်တွေ့ရနိုင်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ အမေရိကန်မှာ ရာသီကြိုပြင်ဆင်မှုအဖြစ် Premier League Summer Series ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေတာဖြစ်ပြီး အဲဗာတန်ကို သရေကစားနိုင်ရုံနဲ့ ချန်ပီယံဆု ရရှိတော့မှာပါ။















