မည်သည့်နိုင်ငံမှဖြစ်ပါစေ အစ္စရေးနှင့်ဆက်နွယ်ပတ်သက်နေသည့် သင်္ဘောမှန်သမျှ ပစ်မှတ်ထားခံရမည်ဖြစ်ကြောင်း ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့က ဇူလိုင် ၂၇ ရက် ညပိုင်းထုတ်ပြန်ချက်တွင် ကြုံးဝါးပြောဆိုထားသည်။
ထို့ပြင် အခြေအနေပိုတင်းမာလာမည်ကို နိုင်ငံများအနေဖြင့် မလိုလားပါက အစ္စရေးဘက်မှ တိုက်ခိုက်နေမှုများကို ရပ်တန့်ရန်နှင့် ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ထားခြင်းအား ပြန်ရုပ်သိမ်းရန် အစ္စရေးအား ဖိအားပေးရန်လိုကြောင်း ဟူသီအဖွဲ့က တိုက်တွန်းထားသည်။
ထုတ်ပြန်ချက်ထဲတွင် ဟူသီအဖွဲ့က ၎င်းတို့သည် ဂါဇာလူထုအပေါ် ဘာသာရေးအရ၊ လူ့ကျင့်ဝတ်အရ တာဝန်ရှိကြောင်း၊ ပါလက်စတိုင်းသားများ ရင်ဆိုင်နေရသည့် အခြေအနေများသည် အာရပ်ကမ္ဘာအတွက်သာမက မည်သည့်လူသားအတွက်မဆို လက်ခံနိုင်စရာမရှိကြောင်း၊ ဂါဇာကို တိုက်ခိုက်နေခြင်းအား ရပ်လိုက်မည်၊ ဂါဇာကို ပိတ်ဆို့ထားခြင်းအား ဖယ်ရှားပေးလိုက်မည်ဆိုပါက ဟူသီအဖွဲ့ကလည်း စစ်ဆင်ရေးအားလုံးကို ချက်ချင်းရပ်မည်ဖြစ်ကြောင်း အသိပေးထားသည်။
၂၀၂၃ အောက်တိုဘာ ၇ ရက်က ဟားမာ့စ်တိုက်ခိုက်မှုဖြစ်ပွားပြီးကတည်းက အီရန်ကျောထောက်နောက်ခံယူထားသည့် ဟူသီအဖွဲ့က ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့် ကုန်တင်သင်္ဘောများကို တိုက်ခိုက်လာခဲ့သည်။
၎င်းတို့၏ လုပ်ရပ်က ပါလက်စတိုင်းသားများနှင့် တစ်သားတည်းရှိကြောင်း ပြသခြင်းဟုလည်း ဟူသီအဖွဲ့က ပြောလေ့ရှိသည်။ အပြန်အလှန်အနေဖြင့် အစ္စရေးဘက်ကလည်း ယီမင်နိုင်ငံတွင်းရှိ ဟူသီကွပ်ကဲသည့်နေရာများ အထူးသဖြင့် ဟိုဒေးဒါဆိပ်ကမ်းကဲ့သို့ နေရာများကို ပြန်တိုက်ခိုက်လေ့ရှိသည်။
ယခုလထဲမှာပင် ဟူသီအဖွဲ့က ဂရိကုမ္ပဏီအပိုင် ကုန်တင်သင်္ဘောတစ်စင်းကို ပင်လယ်နီတွင် တိုက်ခိုက်မြှပ်ပစ်ခဲ့သည်။ တိုက်ခိုက်ခံရသည့် လိုက်ဘေးရီးယားအလံတင် ကုန်တင်သင်္ဘော Eternity C တွင် သင်္ဘောသား ၂၅ ဦးလိုက်ပါလာပြီး ဇူလိုင် ၇ ရက်တွင် ဟူသီအဖွဲ့၏ ရေယာဉ်ငယ်များမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သင်္ဘောမှာ အတော်ပင်ပျက်စီးခဲ့သည်။ နောက်တစ်နေ့အထိ တိုက်ခိုက်မှုဆက်ဖြစ်ခဲ့သည်။
ဟူသီဘက်ကမူ Eternity C သည် အစ္စရေးကို ဦးတည်သွားနေသည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ သင်္ဘောသားအချို့ကို လုံခြုံသည့်နေရာသို့ ခေါ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်အာဏာပိုင်များက သင်္ဘောပေါ်တွင် ၎င်းတို့နိုင်ငံသား ၂၁ ဦးပါသည်ဟု အတည်ပြုခဲ့သည်။ ထိုဖြစ်ရပ်တွင် သင်္ဘောသားလေးဦး အသက်ဆုံးရှုံးခဲ့ပြီး ၁၀ ဦးကို ကယ်တင်နိုင်ခဲ့သည်။ ကျန်လူအားလုံးက ပျောက်ဆုံးနေသလား သို့မဟုတ် ဟူသီအဖွဲ့က ပြန်ပေးဆွဲထားသလား သေချာမသိရပေ။
Eternity C သည် တစ်ပတ်အတွင်း ပင်လယ်နီတွင် ဟူသီအဖွဲ့က မြှုပ်ပစ်လိုက်သည့် ဒုတိယမြောက်သင်္ဘောဖြစ်သည်။ ဇူလိုင် ၆ ရက်ကလည်း လိုက်ဘေးရီးယားအလံတင် ဂရိကုမ္ပဏီအပိုင် ကုန်တင်သင်္ဘော Magic Seas ကို ဟူသီအဖွဲ့က ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ကာ သင်္ဘောကို ဖောက်ခွဲမြှုပ်ပစ်လိုက်ပုံများအား နှစ်ရက်အကြာတွင် ဗီဒီယိုမှတ်တမ်းထုတ်ပြန်ခဲ့သည်။
Magic Seas တွင်မူ သင်္ဘောသား ၂၂ ဦးလိုက်ပါလာသည်။ ကံကောင်းသည်မှာ အားလုံးကို အခြားကုန်သည်သင်္ဘောတစ်စင်းက ကယ်ဆယ်သွားသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာမှစတင်ပြီး ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တွင် ဖြတ်သန်းသွားရင်း ဟူသီအဖွဲ့၏ တိုက်ခိုက်မှုကို ခံရသည့် သင်္ဘောအစင်းရေ ၇၀ နီးပါးရှိသည်။ မြှုပ်ပစ်ခံရသည့်သင်္ဘောက လေးစင်းရှိပြီဖြစ်သည်။
Ref: The Jerusalem Post









