■ မော်စကိုနှင့် ပြုံယန်းကြား တိုက်ရိုက်လေယာဉ် ပျံသန်းပြေးဆွဲမှု ဇူလိုင် ၂၇ ရက်တွင် စတင်မည် 

■ မော်စကိုနှင့် ပြုံယန်းကြား တိုက်ရိုက်လေယာဉ် ပျံသန်းပြေးဆွဲမှု ဇူလိုင် ၂၇ ရက်တွင် စတင်မည် 
Published 15 July 2025

ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုနှင့် မြောက်ကိုရီးယားနိုင်ငံ၏ မြို့တော် ပြုံယန်းတို့အကြား တိုက်ရိုက်လေယာဉ် ပျံသန်းပြေးဆွဲမှုကို ဇူလိုင် ၂၇ ရက်တွင် စတင်မည်ဟု ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါပြေးဆွဲမှုသည် ရုရှားမြို့တော်နှင့် မြောက်ကိုရီးယားမြို့တော်တို့အကြား ပထမဆုံး လေကြောင်းချိတ်ဆက်မှုလည်းဖြစ်သည်။

ရုရှားစရိတ်နည်း လေကြောင်းလိုင်းဖြစ်သည့် Nordwind Airlines မှ ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး တစ်လလျှင် ခရီးစဉ်တစ်ခုသာ ရှိဦးမည်ဖြစ်သည်။ ပျံသန်းချိန် ရှစ်နာရီခန့် ကြာမြင့်နိုင်သည်။ နှစ်နိုင်ငံအကြား ပုံမှန်လေကြောင်းခရီးစဉ် ထားရှိရန် ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက လတ်တလောခွင့်ပြုလိုက်ပြီးနောက် ယခုကြေညာချက် ထွက်လာခြင်းဖြစ်သည်။

ရုရှားထိပ်ပိုင်းလုံခြုံရေးအရာရှိ ဆာဂေရှိုင်ဂူ ပြုံယန်းသို့ ရောက်လာပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံခဲ့ပြီး မကြာမီ ယခုခရီးစဉ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

လတ်တလောနှစ်များအတွင်း မြို့တော်နှစ်ခုအကြား  စီးပွားဖြစ် တိုက်ရိုက်လေကြောင်းပျံသန်းမှုဟူ၍ မရှိခဲ့ဘဲ ရုရှားအစိုးရ သို့မဟုတ် ရုရှားစစ်ဘက်လေယာဉ်များသာ အသွားအလာရှိခဲ့သည်။

နှစ်ပေါင်းများစွာအတွင်း မြောက်ကိုရီးယားသို့ ရောက်လာသည့် ပထမဆုံးအထင်ကရ ရုရှားလေယာဉ်ကို ပြရလျှင် ၂၀၂၄ ခုနှစ် ဇွန်တွင်  နိုင်ငံတော်ခရီးစဉ်အတွက် ရုရှားသမ္မတပူတင် လိုက်ပါလာသည့် လေယာဉ်ဖြစ်သည်။

လက်ရှိအချိန်အထိ မြောက်ကိုရီးယားနိုင်ငံပိုင် လေကြောင်းလိုင်းတစ်ခုတည်းကသာ  ရုရှားသို့ ပျံသန်းပြေးဆွဲလျက်ရှိပြီး  တိုးရစ်များ၊ အရာရှိများ၊ အလုပ်သမားများနှင့် လုပ်ငန်းရှင်များအတွက် အပတ်စဉ် ဗလာဒီဗိုစတော့ခ်မြို့သို့ ခရီးစဉ်အချို့ ပြေးဆွဲပေးနေသည်။

နှစ်နိုင်ငံချိတ်ဆက်မှုကို တိုးချဲ့သည့်အနေဖြင့် စာပို့ခြင်းဝန်ဆောင်မှုကိုလည်း ပြန်လည်စတင်လိုက်ပြီဖြစ်ကာ ပြုံယန်း-မော်စကို တိုက်ရိုက်ရထားပြေးဆွဲခြင်းကို ဇွန်လလယ်တွင် စတင်လိုက်သည်။ 

Ref:NK News

 

Most Read

Most Recent