ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနှင့် ပတ်သက်ပြီး ရက် ၅၀ အတွင်း ယူကရိန်းနှင့် ရုရှားတို့အကြား သဘောတူညီမှု မရရှိပါက ရုရှားအပေါ် ၁၀၀ ရာခိုင်နှုန်း ဆင့်ပွားစည်းကြပ်ခွန်များ ကောက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၁၄ ရက်တွင် ခြိမ်းခြောက်ပြောဆိုလိုက်သည်။
ယခုမှတ်ချက်ကို ထရန့်က အိမ်ဖြူတော်ဘဲဥပုံရုံးခန်းတွင် နေတိုးအတွင်းရေးမှူးချုပ် မက်ခ်ရူတာနှင့် တွေ့ဆုံမှုအတွင်း ပြောကြားလိုက်ခြင်းဖြစ်ပြီး ရုရှားသမ္မတဗလာဒီမာပူတင်ကို အလွန်စိတ်ပျက်နေပြီဟုလည်း ပြောဆိုခဲ့သည်။
ထရန့်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေချင်ပြီဖြစ်ပြီး ပူတင်နှင့် များစွာဆွေးနွေးကြည့်ခဲ့ပြီးဖြစ်ရာ ထိုဆွေးနွေးမှုများက ကျေနပ်စရာကောင်းသော်လည်း မြို့ကြီးများကို ဒုံးကျည်မှန်လိုက်သည်နှင့် ဆွေးနွေးခဲ့မှုများက မည်သည့်အဓိပ္ပါယ်မျှ မရှိတော့ဟု ထရန့်က ဆိုသည်။
“သဘောတူညီချက် ရလိမ့်မယ်လို့ ပြီးခဲ့တဲ့နှစ်လက ထင်ခဲ့တာ။ အခုက ရမယ့်ပုံမရှိဘူး။ ဒီတော့ ဆင့်ပွားအခွန်ကောက်တာ လုပ်ရတော့မယ်။ ရက် ၅၀ အတွင်းမှာမှ သဘောတူညီချက် ရမလာဘူးဆိုရင် ရှင်းရှင်းလေးပါ။ အခွန် ၁၀၀ ရာခိုင်နှုန်းဖြစ်မယ်”ဟု ထရန့်က ပြောသည်။
အမေရိကန်က နေတိုးအုပ်စုမှတစ်ဆင့် ယူကရိန်းကို လက်နက်ထောက်ပံ့မည်ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ်အားလုံးကို ဥရောပမဟာမိတ်နိုင်ငံများက ပေးလိမ့်မည်ဖြစ်ကြောင်းလည်း ထရန့်က ကြေညာခဲ့သည်။
ယင်းအစီအစဉ်ကို နေတိုးအတွင်းရေးမှူးချုပ် မက်ခ်ရူတာက အတည်ပြုသည့်အနေဖြင့် “ အမေရိကန်က ယူကရိန်းအတွက် လိုအပ်တာတွေကို နေတိုးကနေတစ်ဆင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အဲဒီအတွက် ကုန်ကျမှုကို ဥရောပနိုင်ငံတွေက ၁၀၀ ရာခိုင်နှုန်းပေးမှာပါ” ဟု ပြောဆိုခဲ့သည်။
ထရန့်၏ အတည်ပြုချက်အရ အမေရိကန် ပက်ထရီးယော့ဒုံးကျည်စနစ်များကို ရက်ပိုင်းအတွင်း ယူကရိန်းကို ပေးပို့သွားမည်ဖြစ်သည်။
ထရန့်ပြောသည့် ဆင့်ပွားစည်းကြပ်ခွန်ဆိုသည်မှာ ရုရှားပို့ကုန်များကို ဝယ်ယူသည့် နိုင်ငံများ၊ အဖွဲ့အစည်းများကိုပါ စည်းကြပ်ခွန်ကောက်ခြင်းဖြစ်သည်။ အထူးသဖြင့် စွမ်းအင်ကဏ္ဍအတွက် ရုရှားရုပ်ကြွင်းလောင်စာများကို မှီခိုနေရသည့် တရုတ်၊ အိန္ဒိယ၊ ဘရာဇီးနှင့် တူရကီတို့ အထိနာနိုင်သည်။
ရုရှားနှင့် ကုန်သွယ်မှု ဆက်လက်ပြုလုပ်မည့်နိုင်ငံများ ၎င်းတို့၏ ထုတ်ကုန်များကို အမေရိကန်သို့ ရောင်းမည်ဆိုပါက အခွန်အကောက် ကြီးမားစွာ ပေးရလိမ့်မည်။ ဥပမာ ရုရှားရေနံကို အိန္ဒိယက ဆက်ဝယ်နေမည်ဆိုလျှင် အိန္ဒိယထုတ်ကုန်များကို ဝယ်မည့် အမေရိကန်ကုမ္ပဏီများအနေဖြင့် သွင်းကုန်ခွန် ၁၀၀ ရာခိုင်နှုန်းပေးဆောင်ရမည်။
ထုတ်ကုန်များကို အဆမတန်ဈေးကြီးအောင် လုပ်လိုက်ခြင်းဖြစ်ပြီး အမေရိကန်ကုမ္ပဏီများက ဈေးပိုသက်သာသည့်နေရာကို ရှာဝယ်ကြလိမ့်မည်။ ထိုအခါအိန္ဒိယအတွက် ဝင်ငွေဆုံးရှုံးသွားမည်။
အဓိကရည်ရွယ်ချက်မှာ ရုရှားစီးပွားရေး ယိုင်နဲ့သွားစေရန်ဖြစ်သည်။ အခြားနိုင်ငံများကို ရေနံရောင်း၍ မရ ၊ ဝင်ငွေမရတော့ပါက ယူကရိန်းနှင့် တိုက်နေသည့်စစ်ပွဲတွင် အသုံးစာရိတ် လျော့လာမည်ဖြစ်သည်။
ယခုခြိမ်းခြောက်မှုမျိုးကို ထရန့်က ပထမဆုံးအကြိမ်ပြသခြင်း မဟုတ်ပေ။ ပြီးခဲ့သည့်မတ်လကလည်း ဗင်နီဇွဲလားထံမှ ရေနံနှင့်ဓာတ်ငွေ့ ဝယ်သည့် နိုင်ငံများကို ၂၅ ရာခိုင်နှုန်း သွင်းကုန်ခွန်ကောက်မည်ဟု ထရန့်ကသတိပေးခဲ့ပြီး အီရန်ရေနံကို ဝယ်ယူသည့် နိုင်ငံများကိုလည်း မေတွင် အလားတူခြိမ်းခြောက်ခဲ့သည်။
Ref: Anadolu Agency & BBC
Photos: Reuters









