ဘယ်လာရုစ်နိုင်ငံနှင့် ရုရှားနိုင်ငံ၊ Buryatia ပြည်နယ်သို ချစ်ကြည်ရေးခရီစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(ဇွန် ၂၉ ရက်) ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လာရောက်ရှိလာသည်။
ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ Minsk International Exhibition Center BELEXPO ၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံ၊ Buryatia ပြည်နယ်သို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia၊ ပြည်နယ်၊ Ulan-Ude မြို့ရှိ Baikal အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခြင်းဖြစ်သည်။
နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊ ကောင်စီအဖွဲဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သိ့ု တက်ရောက်ခြင်း၊ EAEU၏အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ် အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များနှင့် Eurasian Economic Union EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ ရောက်ရှိချိန်တွင်လည်း စက်ရုံ၊ အလုပ်ရုံများသိ့ု သွားရောက်လေ့လာခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။















