မန္တလေးမြို့တွင် ကျပ် ၂၉၅ ဒဿမ ၂၆၉ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများ မြေမြုပ်ဖျက်ဆီး

မန္တလေးမြို့တွင် ကျပ် ၂၉၅ ဒဿမ ၂၆၉ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများ မြေမြုပ်ဖျက်ဆီး
Published 26 June 2025

၃၈ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ လေယာဉ်ကွင်းဟောင်းတွင် ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက် နံနက် ၈ နာရီကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင်  ကျပ် ၂၉၅ ဒဿမ ၂၆၉ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၈၂ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါး ၂၈ မျိုးကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်း ၁၅ မျိုးကို ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန် အေးရိပ်ငြိမ်သုဿာန်တွင် မြေမြုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများ မြေမြုပ်ဖျက်ဆီးခြင်းတို့သည် နေပြည်တော်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများဖြစ်သော ဘိန်း ၃၇၉ ဒဿမ ၉၅ ကီလိုကျော်၊ ဘိန်းဖြူ ၁၁ဝ၉ ဒဿမ ၈၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၅ သန်းကျော်၊ အိုက်စ် ၆၄ဝ ဒဿမ ၉၆ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၈ မျိုးနှင့် ဓာတုပစ္စည်း ၁၅ မျိုးတို့၏ စုစုပေါင်းတန်ဖိုးကျပ် ၂၉၅ ဒဿမ ၂၆၉ ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ ၈၂ ဒဿမ ၀၁ သန်းကျော်အား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မူးယစ်ဆေးဝါးပြဿနာဟာဆိုရင် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအနေနဲ့သာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာမျိုးမဟုတ်ဘဲ နိုင်ငံတိုင်းသာမက တစ်ကမ္ဘာလုံးနှင့်ပါသက်ဆိုင်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အကျုံးဝင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ မူးယစ်ဆေးဝါးဆိုးကျိုးပြဿနာများကို ပြည်သူလူထုအတွင်း ထိုးဖောက်သိမြင်ပြီး သတိပြုရှောင်ရှားနိုင်အောင် ဇွန် ၂၆ ရက်နေ့ရောက်တိုင်း လူထုလှုပ်ရှားမှုအသွင်နဲ့ နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါတယ်” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိူးအောင်က ပြောကြားသည်။

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝှမ်းလုံးမှာ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနဲ့ တားဆီးနှိမ်နင်းရေးလှုပ်ရှားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆောင်ရွက်နေပြီး ရလာဒ်အဖြစ် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်းများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များမှာ တစ်ပြိုင်တည်းဖြင့် မီးရှို့ဖျက်ဆီးနေတာပဲဖြစ်ပါတယ်။ နေပြည်တော်တိုင်း၊ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေကို မန္တလေးမြို့မှာ မီးရှို့ဖျက်ဆီးမှာဖြစ်ပါတယ်။ ဒါတွေဟာ မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အထူးအလေးအနက်ထား အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာကို လက်တွေ့ ပြသနေခြင်းပဲဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးစေမယ့်မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်သတ်မှတ်ပြီး ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းလျက်ရှိကြောင်း၊  မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း အမြောက်အမြားကို ထိထိရောက်ရောက်ကာကွယ်တားဆီးနေခြင်းကို မြန်မာတစ်နိုင်ငံလုံးသာမက နိုင်ငံတကာကပါ သိရှိအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent