ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) အား ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တာ ကျင်းပမည်

ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) အား ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တာ ကျင်းပမည်
Published 23 June 2025

ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) အား နေပြည်တော်တွင် ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) အား အလွှာအသီးသီးမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၄ ရက်မှ ၂၆ အထိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက ဦးဆောင်ပြီး ငြိမ်းချမ်းရေးစကားဝိုင်း (PEACE TALK 2025) အား နေပြည်တော်တွင် သုံးရက်တာ ကျင်းပသွားခဲ့ပြီး အဆိုပါစကားဝိုင်းတွင် အလွှာအသီးသီးမှ တာဝန်ရှိသူများပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါကျင်းပခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်း (PEACE TALK 2025) သို့ နစက အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ( NSPNC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်၊ NSPNC အဖွဲ့ဝင်များ အပါအဝင် တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ငြိမ်းချမ်းရေးစကားဝိုင်း (PEACE TALK 2025) အား ငြိမ်းချမ်းရေးစကားဝိုင်းမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်၌ ကဏ္ဍအသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ထင်ပေါ်ကျော်ကြားတဲ့ပုဂ္ဂိုလ်များက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုမိုအာရုံစိုက်စေရန်၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သည့်နည်းလမ်းနှင့် ဆောင်ရွက်သည့် ဆောင်ရွက်ခြင်းကသာ ရေရှည်တည်တံ့သည် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဆိုသည့်အချက်အား လူထုအကြား၌ အသိအမြင် တိုးပွားလာစေရန်၊ မိမိတို့ နိုင်ငံအတွင်း၌ ဖြစ်ပွားနေသည့် ပဋိပက္ခများ အမြန်ဆုံးလျော့ချပြီး နိုင်ငံရေးနှင့် စီးပွားရေး မြင့်တက်လာစေရန်အတွက် ရေတိုရေရှည်လုပ်ငန်းစဉ်များကို ဖော်ထုတ်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် မတ် ၂၄ ရက်မှ မတ် ၂၆ ရက်အထိ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK 2025 တွင် ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK 2025 ၏ တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီသို့ အဖွဲ့(၁)၏ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုနှင့် အဖွဲ့(၂)၏ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK 2025 ၏ တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့ အဖွဲ့(၁)၏ ပထမနေ့ အစီအစဉ်(မူကြမ်း)အား ဆွေးနွေးခြင်း၊ အဖွဲ့( ၂)၏ ပထမနေ့ အစီအစဉ်(မူကြမ်း)အား ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK 2025 သုံးရက်တာ ဆွေးနွေးပွဲတွင် အချိန်တိုအတွင်း ဆောင်ရွက်ရမည့် အကြံပြုချက် (၁၂)ချက်နှင့် ကာလရှည်အတွက် အစီအစဉ် ချမှတ်လုပ်ဆောင်သင့်သည့် အချက် (၁၀) ချက် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အချိန်တိုအတွင်း၌ ဆောင်ရွက်ရမည့် အကြံပြုချက်များအနေနှင့် (၁)ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်သည် ယခုချက်ချင်း ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့်အတွက် အမြန်ဆုံးဖော်ဆောင်ရန်၊ (၂) NCA ကိုအခြေခံသည့် အင်စတီကျူရှင်းများဖြစ်သော JMC နှင့် UPDJC ကို ပြန်လည်အသက်ဝင်လာအောင် လုပ်ဆောင်ရန်၊ (၃) NCA Review and Modification Process စတင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ (၄) ပဋိပက္ခ လျော့ချရေးလုပ်ငန်းစဉ်အတွက် ဒေသဆိုင်ရာ Pilot Project များ နေနှင့် ရပ်မိရပ်ဖများ၊ ဒေသခံသြဇာရှိ ပုဂ္ဂိုလ်များနှင့် အစိုးရတာဝန်ရှိသူများ ပူးပေါင်းကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ၊ ပညာရေး၊ ကျန်းမာရေး ထောက်ပံ့မှုများ ရနိုင်သလောက် လုပ်ဆောင်ရန်၊ (၅) ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်(Good Government) အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှုရရှိစေနိုင်ပြီး ပဋိပက္ခများကို လျော့ချနိုင်သည့်အတွက် ပြည်သူ့ရေးရာဝန်ဆောင်မှုများနှင့်ပတ်သက် သည့် ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်နိုင်ရန်၊ (၆) NCA မှ ထွက်ပေါ်လာသည့် ငြိမ်းချမ်းရေးညီလာခံများ၌ ဆွေးနွေးသဘောတူညီမှု ရရှိထားသော ပြည်ထောင်စုသဘောတူစာချုပ်(Union Accord)ပါ အချက်များအား အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ (၇) ရွေးကောက်ပွဲအပြီးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရေး ယခုထဲက ကြိုတင်ပြင်ဆင်ထားရန်၊ (၈) ဆွေးနွေးညှိနှိုင်းကြရာတွင် ကြားဝင်စေ့စပ်ညှိနှိုင်းသူ (Third Party)များမှတစ်ဆင့် ဆောင်ရွက်ပေးနိုင်ရန်၊ (၉) နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ သတိရှိစွာပြုလုပ်ပြီး အားလုံးပါဝင်သည့် လုပ်ငန်းစဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ် စတင်နိုင်ရန်၊ (၁၀) ရွေးကောက်ပွဲ လုံခြုံမှု ရှိစေရန် အကာအကွယ်ပေးနိုင်မည့် ထိရောက်သော ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ရန်နှင့် ဒေသခံအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်၊ (၁၁) ရွေးကောက်ပွဲစနစ် မဲဆန္ဒနယ် သတ်မှတ်ခြင်း၊ ရွေးကောက်ပွဲဥပဒေစသည့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သော ကိစ္စရပ်များကို State Holder များအကြား ကြိုတင်အသိပေးခြင်း ဆောင်ရွက်ရန်၊ (၁၂) ရွေးကောက်ပွဲမတိုင်မီအချိန်တွင် သက်ဆိုင်သူများအကြား နိုင်ငံရေးစကားဝိုင်း ဆွေးနွေးမှုများ ပိုမိုပြုလုပ်နိုင်မည့် ညီလာခံကဲ့သို့သော အခင်းအကျင်းတစ်ရပ် ကြိုးပမ်းဆောင်ရွက်နိုင်ရန်တို့ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကာလရှည်အတွက် အစီအစဉ် ချမှတ်လုပ်ဆောင်သင့်သည့် အချက်များအနေဖြင့် (၁) အခြေခံဥပဒေပြင်ဆင်ရေးအတွက် စားပွဲဝိုင်းဆွေးနွေးမှုများကို လွှတ်တော်များ မပေါ်ပေါက်သေးခင်ကပင် အစပြုထားပြီး ရွေးကောက်ပွဲအပြီး လွှတ်တော်များပေါ်ပေါက်လာသည့်အချိန်တွင် ဆက်လက်ဆွေးနွေးကြရန်၊ (၂) ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ပြည်သူများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်သော အသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမှုပြုလုပ်ရန်၊ NSPNC မှတစ်ဆင့် မီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ (၃) ပဋိပက္ခဖြစ်ပွားသော ဒေသများမှာ နယ်စပ်ဒေသများ ဖြစ်သောကြောင့် နယ်စပ်ဒေသမှ ပြည်သူလူထုနှင့် အစိုးရအကြား ယုံကြည်မှု ပိုမိုတိုးတက်စေရန်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊ (၄) နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍတွင် တက်ကြွသောမူဝါဒ ထားရှိမည်ဖြစ်သလို ငြိမ်းချမ်းရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့်ရော၊ ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် သီးသန့်ထား စဉ်းစားပေးနိုင်ရန် အိမ်နီးချင်းနိုင်ငံများအပြင် အခြားသော ကမ္ဘာ့အရေးအခင်းတွင် အရေးပါသော နိုင်ငံကြီးများ(အမေရိကန်၊ ရုရှားတို့ကို ဆိုလိုသည်)နှင့်လည်း မျက်ခြေမပြတ်သော ဆက်ဆံရေးထားရှိရန်၊ (၆) Political Power ၊ Economic Power ၊ Military Power နှင့် ယနေ့ခေတ်တွင် AI Power ကပါ လွှမ်းမိုးမှု ရှိလာသည့်အတွက် ယင်းကဏ္ဍများ၌ ပိုမိုအားကောင်းလာစေရေး အစီအမံများ ကြိုတင်စဉ်းစားထားရန်၊ (၇) ယနေ့ကမ္ဘာတွင် Non Traditional Challenge များဖြစ်နေပြီး Cyber Security (ဥပမာအားဖြင့် ကျားဖြန့်ကို ဆိုလိုခြင်းဖြစ်ပါသည် လက်တလောအနေအထားအရ)နှင့် ပတ်သက်၍ ရေရှည်အစီအမံများကို ချမှတ် ဆောင်ရွက်ထားရန်၊ (၈) Resettlement Recovery Redevelopment များအား ရေရှည်အစီအမံများ ချမှတ် ဆောင်ရွက်ရန်၊ (၉) လူငယ်များ၏ ကဏ္ဍ၊ အမျိုးသမီးများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်စေရေးတို့အတွက် အထူးလေးထား လုပ်ဆောင်ရန်၊ (၁၀) ပဋိပက္ခဒဏ်ခံစားရသော ဒေသများမှ ပြည်သူလူထုအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မတ် ၂၆ ရက်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk 2025 “တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီသို့” ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ ဆွေးနွေးချက် အကြောင်းအရာများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍဆိုင်ရာ ဆွေးနွေးချက် အကြောင်းအရာများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲရလဒ်များအား ရှင်းလင်းတင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲရလဒ်များအား ရှင်းလင်းတင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

Most Read

Most Recent