ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာအနီး ဘီးလင်း - တောင်စွန်းကားလမ်းတွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့

ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာအနီး ဘီးလင်း - တောင်စွန်းကားလမ်းတွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့
Published 7 June 2025

ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာအနီး ဘီးလင်း - တောင်စွန်းကားလမ်းတွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဇွန် ၅ ရက် ညနေ ၆ နာရီခွဲ ဝန်းကျင်အချိန်ခန့်က ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာအနီး ဘီးလင်း - တောင်စွန်းကားလမ်းဘေး သံတံတားအနီး ထန်းပင်တန်းတွင် ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် Honda Wave – 110 အနက်ရောင် မော်တော်ဆိုင်ကယ် မောင်းနှင်လာသည့် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနေ အသက် (၅၂) နှစ်အရွယ် ဦးဇော်ဟိန်းအောင်မှာ ညာဘက်ရင်အုံတွင် မိုင်းစထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး Honda Dream – 125 ငှက်ခါးရောင် မော်တော်ဆိုင်ကယ် မောင်းနှင်လာသည့် ဇုတ်သုတ်ကျေးရွာတွင် နေထိုင်သူ အသက် (၃၂) နှစ်အရွယ် ကိုဟိန်းလင်းစိုးမှာ ညာဘက်လက်မောင်းကျိုးဒဏ်ရာရရှိခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မိုင်းက ပြင်းထန်လို့ မိုင်းကပ်ထောင်ထားတဲ့ ထန်းပင်က ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက္ကံမြို့နယ် ရပ်ကွက် (၁၆) နေ အသက် (၅၈) နှစ်အရွယ် ဦးတင်ထွေးဦးဆိုသူ မောင်းနှင်လာတဲ့ Starex အမျိုးအစား ခဲရောင်ယာဉ်ပေါ်ကို ထန်းပင်လဲကျခဲ့လို့  မော်တော်ယာဉ်မှာလည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် အခင်းဖြစ်ပွားရာနေရာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုင်စင်မဲ့ယာဉ်များ စစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက်ကြောင့် ၎င်းတို့လည်း ထိခိုက်မှုများရှိခဲ့သည်ဟု ကြားသိရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

လတ်တလော မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇွန် ၃ ရက်ကလည်း ဘီးလင်းမြို့နယ် သစ်တိုကျွန်းကျေးရွာနေ သစ်တိုကျွန်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်သီတာစိုး ဆိုသူမှာလည်း အမည်မသိ သေနတ်သမားနှစ်ဦးမှ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘိုဘိုမြင့်

Photo Credit - PAN

 

Most Read

Most Recent