ပါကစ္စတန်ရှိ စစ်သွေးကြွ ၁၀၀ ကျော်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အိန္ဒိယ ပြောကြား

ပါကစ္စတန်ရှိ စစ်သွေးကြွ ၁၀၀ ကျော်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အိန္ဒိယ ပြောကြား
မေ ၁၂ ရက်က ဆရီနာဂါမြို့ရှိ လမ်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာသူများကို စစ်ဆေးနေစဉ်
မေ ၁၂ ရက်က ဆရီနာဂါမြို့ရှိ လမ်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာသူများကို စစ်ဆေးနေစဉ်
Published 12 May 2025

ယခုသီတင်းပတ်အစောပိုင်းက ပါကစ္စတန်နှင့် ပါကစ္စတန်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသများတွင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း စစ်သွေးကြွခေါင်းဆောင်များအပါအဝင် စစ်သွေးကြွ ၁၀၀ ကျော်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အိန္ဒိယစစ်ဆင်ရေးအကြီးအကဲက မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယစစ်တပ်သည် လက်ရှ်ကာအီးတိုင်ဘာအဖွဲ့၏ စခန်းများအပါအဝင် စစ်သွေးကြွများ၏ အခြေခံအဆောက်အအုံများ နှင့် လေ့ကျင့်ရေးစခန်း ကိုးခုကို တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယစစ်တပ်၏ စစ်ဆင်ရေးညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရာဂျစ်ဗ်ဂါအီက ပြောကြားခဲ့သည်။

လက်ရှ်ကာအီးတိုင်ဘာအဖွဲ့သည် အိန္ဒိယ နှင့် အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသများတွင် တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း အိန္ဒိယက အပြစ်တင်ခဲ့သည်။

မိမိတို့သည် လျှပ်တပြတ်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပါကစ္စတန်၏ တုံ့ပြန်မှုသည် ကောင်းမွန်ခဲ့ခြင်းမရှိကြောင်း ဂါအီက ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်သည် မေ ၁၀ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီး ဆယ်စုနှစ်များအတွင်း စိုးရိမ်စရာအကောင်းဆုံး စစ်ရေးထိပ်တိုက်တွေ့ဆုံမှုကို အဆုံးသတ်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရမီအချိန်က နှစ်နိုင်ငံစစ်တပ်သည် သေနတ်များ၊ လက်နက်ကြီးများ၊ ဒုံးကျည်များ၊ ဒရုန်းများဖြင့် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးအရ နျူကလီးယားလက်နက်များ ပိုင်ဆိုင်သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် မြေပြင်၊ ဝေဟင်နှင့် ရေပြင်တို့တွင် စစ်ရေးလုပ်ရပ်များအားလုံးကို ချက်ချင်းရပ်တန့်ရန် သဘောတူခဲ့ကြသည်။

ပါကစ္စတန်စစ်တပ်ကမူ ၎င်းတို့ဘက်မှ အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ခြင်းမရှိဘဲ အိန္ဒိယကသာ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း မေ ၁၁ ရက်က ပြောကြားခဲ့သည်။

အိန္ဒိယကလည်း ၎င်းတို့သည် အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

မေ ၇ ရက် နံနက်အစောပိုင်းက အိန္ဒိယ၏ ဒုံးကျည်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်စစ်တပ်သည် အိန္ဒိယ၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံ ၂၆ ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် ဒုတိယဗိုလ်မှူးကြီး အာမက်ရှရစ်ဖ်က ပြောကြားခဲ့သည်။

ပါကစ္စတန်စစ်တပ်သည် အိန္ဒိယ၏ ရန်လိုမှုကို တုံ့ပြန်မည်ဟု ၎င်းက ကတိပြုခဲ့ပြီး နိုင်ငံအပေါ်ထားရှိသည့် ၎င်း၏ သန္နိဋ္ဌာန်အတွက်လည်း ကျေနပ်မှုရှိကြောင်း ရှရစ်ဖ်က ပြောကြားခဲ့သည်။

ပါကစ္စတန်၏ အချုပ်အခြာအာဏာ သို့မဟုတ် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် မည်သည့်ခြိမ်းခြောက်မှုကို မဆို ပြည့်စုံကျယ်ပြန့်မှု၊ ဒဏ်ခတ်မှုနှင့် ပြတ်သားမှုရှိသည့် တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

ပါကစ္စတန်သည် တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ချိန်အတွင်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်းရှိ အရပ်သားများ၏နေရာကို ပစ်မှတ်ထားခဲ့ခြင်း မရှိကြောင်း ရှရစ်ဖ်က ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent